

Source : BBC Burmese

(Unicode Version)
အာဆင်နယ် အကယ်ဒမီမှာ ဘောလုံးသင်တန်း တက်နေတဲ့ မြန်မာလူငယ် ၅ ဦး
ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း အသင်းဖြစ်ပြီး လန်ဒန်မြို့ရဲ့ အထင်ကရ ကလပ်ဖြစ်တဲ့ အာဆင်နယ် ဘောလုံး အကယ်ဒမီမှာ မြန်မာလူငယ် ဘောလုံးသမား ၅ဦး သင်တန်း တက်ရောက်နေပါတယ်။
မန္တလေးမြို့ အခြေစိုက် Lucky Home ဘောလုံး အကယ်ဒမီမှ လူငယ် ဘောလုံးသမား ၅ဦးဟာ အာဆင်နယ်ရဲ့ နာမည်ကျော် ဘောလုံး အကယ်ဒမီမှာ သွားရောက် သင်တန်းတက်ဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ရက်နေ့ကတည်းက မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကြပါတယ်။
MISA မှာ ကျောင်းအုပ်ကြီး Mr Micheal ဦးဆောင်ပြီး လူငယ် ကစားသမား ၅ဦးဟာ အာဆင်နယ်ရဲ့ အကယ်ဒမီမှာ ၂ပတ်ကြာ သင်တန်း တက်ရောက်မှာဖြစ်ပြီး လာမယ့် ဇူလိုင် ၃၁ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။
လက်ရှိ အာဆင်နယ် အကယ်ဒမီကို အသင်းခေါင်းဆောင်ဟောင်း မာတီဆက်ကာက မန်နေဂျာအဖြစ် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှ စတင် တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Lucky Home ဘောလုံး အကယ်ဒမီဟာ ကလေး လူငယ်များအတွက်ရည်ရွယ်ပြီး ကျန်းမာ ကြံ့ခိုင် ဉာဏ်ရည် ကောင်းစေရန်အတွက် ငယ်စဉ်ကတည်းက ဘောလုံးပညာကို အခြေခံကျ စနစ်တကျ သင်ကြားပေးတဲ့ လူငယ် ဘောလုံး အကယ်ဒမီ တစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားသားနည်းပြ အပါအဝင် မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်းတွေ ဦးဆောင် သင်ကြားပေးတဲ့ ဘောလုံး အကယ်ဒမီတစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဘောလုံး အကယ်ဒမီတွေ ရှိလာတဲ့နောက်ပိုင်း လပ်ကီးဟုန်းကလည်း ကလေးငယ်တွေအားလုံးအတွက် စဉ်ဆက်မပြတ် ဘောလုံးသင်တန်းတွေကို ဖွင့်လှစ်ပေးခဲ့တာ ၄နှစ်ကျော်ကြာ ရှိလာခဲ့ပြီး အခုလို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ အကယ်ဒမီ အထိ သွားရောက် သင်တန်း တက်ခွင့်ရအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။