

(Unicode Version)
အောင်ပန်းမြို့၌ တစ်ဘက်ယာဉ်ကြော ကူးပြောင်းသော ယာဉ်နှင့် ဆိုက်ကယ် ပွတ်တိုက်မိရာ မှ ဆိုင်ကယ်စီးလာသူ ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး သေဆုံး
ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းမြို့ ကလော-အောင်ပန်း သွား ပြည်ထောင်စုလမ်းမကြီးပေါ် ၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
၂၀၁၉ ခုနှစ် ဇူလိုင် ၂၁ ရက် နံနက်(၉း၃၀)နာရီ အချိန်ခန့်က ကလောမြို့နယ် အောင်ပန်းမြို့ ကလော-အောင်ပန်းသွား ပြည်ထောင်စုကားလမ်းမကြီးပေါ် ၌ ကလောဘက်မှ အောင်ပန်းဘက် သို့ ယာဉ်မောင်း ဦးဆွေ ပင်လောင်းမြို့နယ် တောင်မြေခြားကျေးရွာ နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 9I/46---------- MITSUBISHI CANTER (ဝါ/ခဲရောင်) ယာဉ်မှာ လက်ယာဘက်ယာဉ်ကြောအတိုင်း မောင်းနှင်လာရာမှ
မိုင်တိုင်အမှတ် ၇၆/၃ နှင့် ၇၆/၄ ကြားအရောက် ၌ လက်ဝဲဘက်ယာဉ်ကြောသို့ ကူးပြောင်းစဉ် လားရာတူ ဘေးချင်းယှဉ်၍ လက်ဝဲဘက်ယှဉ်ကြော အတိုင်း မောင်းနှင်လာသော အမှတ်(၁၀၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တောင်ကြီး) တပ်ဖွဲ့စိတ်(ကလော) နေ ရဲတပ်ကြပ်ကြီး ကျော်ဦး မောင်းနှင်လာသည့် ၅၁/ယ ၄၁၁----- Luojin 110 ဆိုင်ကယ် အား ယာဉ်၏ဘေးကိုယ်ထည်ဖြင့် ဝင်ရောက်ပွတ်တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်သွားရာ

ယာဉ်၏ ဝဲဘက်နောက်ဘီးဖြင့် ရဲတပ်ကြပ်ကြီး ကျော်ဦး၏ ဦးခေါင်းအား နင်းမိခဲ့၍ ရဲတပ်ကြပ်ကြီး ကျော်ဦး တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ အပေါ်သွားကျိုး ဒဏ်ရာ ဝဲဘက်လက်မောင်း ဖုရောင်ဒဏ်ရာ ယာဘက်ဒူးပွန်းပဲ့ ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ ၌ သေဆုံးခဲ့သဖြင့် ယာဉ်မောင်း ဦးဆွေ(၄၉)နှစ် ပင်လောင်းမြို့နယ် တောင်မြေခြားကျေးရွာနေသူအား ဥပဒေအရအရေးယူပေးပါရန် ရဲအုပ်အောင်မိုးသူမှတရားလိုပြုလုပ်ကာ အောင်ပန်းနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှု နှင့်ပတ်သက်၍ ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးဆွေ အား အောင်ပန်းနယ်မြေရဲစခန်း မှ ယာဉ်(ပ) ၂၀/ ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၇၉ /၃၀၄(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
သတင်း- ညီညီ-လှိုင်သာယာ /ဓါတ်ပုံ - ခွန်သန်းအောင်