Skip to main content

မန္တလေးတွင် ညအချိန် ဆိုင်ကယ်လဲနေသူကို မေးမြန်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်သီးဖြင့် ထိုးခံရပြီး နှာခေါင်းရိုးကျိုး

မန္တလေးတွင် ညအချိန် ဆိုင်ကယ်လဲနေသူကို မေးမြန်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်သီးဖြင့် ထိုးခံရပြီး နှာခေါင်းရိုးကျိုး

မောင်မင်းမော်၊ သြဂုတ်-၂၂

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃လမ်းနှင့် ၂၇လမ်းဆုံတွင် ညအချိန် ဆိုင်ကယ်ဖြင့် လူတစ်ဦး လဲနေသည်ကို တွေ့ရသဖြင့် သွားရောက်မေးမြန်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်သီးဖြင့် ထိုးကြိတ်ခံရမူ သြဂုတ်(၂၀)ရက်ညပိုင်းက ဖြစ်ပွားခဲ့သည်။

သြဂုတ်(၂၀)ရက် ည(၈)နာရီခန့်က ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ စုပေါင်း၍ မှုခင်းကျဆင်းရေးအတွက် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နေစဉ် ၆၃လမ်းနှင့် ၂၇လမ်း လမ်းဆုံတွင် ယဉ်မတော်တဆမူ ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အရက်မူးနေသူအမျိုးသားမှ လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆိုင်ကယ်တစ်စီးနှင့်အတူ သွေးထွက်ဒဏ်ရာများ ရရှိထားသည့် လူတစ်ဦးကို တွေ့ရှိသဖြင့် ရဲဒုတပ်ကြပ်မှ မိမိသည် နယ်ထိန်းရဲတပ်ဖွဲ့ဝင် ဖြစ်ကြောင်း ပြော၍ အခင်းဖြစ်စဉ်အား စစ်ဆေးမေးမြန်းရာ အရက်သေစာသောက်စားထားသည့် အဆိုပါ အမျိုးသားမှ ”ငါ့နာမည် မျိုးမင်းထွန်း မင့်တို့ရဲတွေ ငါဘာလုပ်ရမှာလဲ”ဟု ပြောဆိုကာ ရဲဒုတပ်ကြပ်၏ မျက်နှာကို လက်သီးဖြင့်ထိုးရာ နှာခေါင်းရိုးကြိုး၍ သွေးထွက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်သီးဖြင့်ထိုးခဲ့သည့် အသက်(၂၆)နှစ်အရွယ် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်နေ အမျိုးသားကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၃ (တာဝန်ဝတ္တရားနှောက်ယှက်မှု)၊ ပုဒ်မ၂၇၉ (ယဉ်မဆင်မခြင် မောင်းနှင်မှု)၊ ပုဒ်မ ၃၃၇(နာကျင်စေမှု) တို့ဖြင့် ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီး ထားသည်။

မန္တလေးမြို့တွင် ရဲတပ်ဖွဲ့ဝင်များ မူခင်းကျဆင်းရေး ဆောင်ရွက်နေစဉ်။ ဓါတ်ပုံ - Mandalay Police .

Source : Mandalay Indepth News