Skip to main content

Maldives International Challenge 2019 ကြက်တောင်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်‌ရောက်သွားပြီ ဖြစ်တဲ့ သက်ထားသူဇာ

Maldives International Challenge 2019 ကြက်တောင်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်‌ရောက်သွားပြီ ဖြစ်တဲ့ သက်ထားသူဇာ

မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် International Challenge ကြက်တောင်ပြိုင်ပွဲကို မနေ့က ဆက်လက်ကျင်းပရာ မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ လက်စွမ်းပြပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် ဆီဒင် ၂ သတ်မှတ်ခံထားရသည့် ကနေဒါကစားသမား ဘရစ်တနေးတမ်နှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။

သက်ထားသူဇာသည် ပထမပွဲငယ်တွင် အကြိတ်အနယ် ယှဉ်ပြိုင် ကစားကာ ၂၁-၁၉ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပွဲငယ်တွင် ဘရစ်တနေးတမ်က ပြန်လည်ဦးဆောင်ကာ ၂၁-၁၄ မှတ်ဖြင့် အနိုင်ရသောကြောင့် နောက်ဆုံးပွဲငယ်မှာ အဆုံးအဖြတ်ဖြစ်ခဲ့သည်။

သက်ထားသူဇာသည် တတိယပွဲငယ်တွင် အမှားအယွင်းမရှိ အမှတ်များဆက်တိုက် ယူကာ ၂၁-၉ မှတ်ဖြင့် အမှတ်ပြတ်အနိုင်ရကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် Internatioanl Series ပြိုင်ပွဲ ၊ Future Series ပြိုင်ပွဲများထက် အဆင့်မြင့်သည့် International Challenge ပြိုင်ပွဲတွင် လက်စွမ်းပြကာ ဆီမီးဖိုင်နယ်အထိ တက်ရောက်လာခြင်း ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲများကို စက်တင်ဘာ ၂၈ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သက်ထားသူဇာသည် ဗီယက်နမ်ကစားသမား ဗူသီထရန်နှင့် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

ညီမြတ်သော်တာ
Source : Myanmaalinn