Skip to main content

ကျောက်တံခါး မြို့နယ် မြို့ချောင်း ကျေးရွာ၌ တရားမဝင် သစ်များ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

ကျောက်တံခါး မြို့နယ် မြို့ချောင်း ကျေးရွာ၌ တရားမဝင် သစ်များ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ

ကျောက်တံခါး အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး နှင့် အဖွဲ့များ ၊ ပဲခူးမြို့နယ်မှ သစ်တောဝန်ထမ်းများ ၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးတင်ထွန်းနှင့် သစ်တောဝန်ထမ်းများ ၊ ဒိုက်ဦးမြို့နယ်မှ သစ်တောဦးစီးအရာရှိနှင့် ဝန်ထမ်းများ ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး ဌေးဝေနှင့် တပ်ဖွဲ့ဝင်များ ၊ ဖဒိုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ၊ မြို့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများ ပူးပေါင်းအဖွဲ့သည် ညွှန်မှူး၏ သတင်းအရ အောက်တိုဘာ ၂၃ ရက်က မြို့ချောင်းကျေးရွာ၌ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်။



အဆိုပါ ပူးပေါင်းအဖွဲ့မှ မြို့ချောင်းကျေးရွာ ဈေးတန်း ၂ ရပ်ကွက် ရေပိုလွှဲသွားလမ်းဘေး ဦးညွန့်ဝင်း၏ အိမ်ခြံဝန်းအတွင်းမှ ကျွန်းခွဲသား ၁၃ ချောင်း ဝ ဒသမ ၆၆၁ဝ တန် ၊ မြို့ချောင်းကျေးရွာ ဈေးတန်း ၂ ရပ်ကွက် ဦးလှကြိုင် ခြံဝန်းအတွင်း ကောက်ရိုးပုံအောက်မှ ပျဉ်းကတိုးခွဲသား ၁၃ ချောင်း ဝ ဒသမ ၈၀၆၆ တန် တို့အား ပိုင်ရှင်နှစ်ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ဈေးတန်း ၂ ရပ်ကွက် မူလတန်းကျောင်း၏ မြောက်ဘက် ၂ ဖာလုံခန့်အကွာ တောစပ်နေရာမှ ပျဉ်းကတိုးခွဲသား ၇၅ ချောင်း ၂ ဒသမ ၅၂၉၄ တန် ၊ ကျွန်းခွဲသား ၇ ချောင်း ဝ ဒသမ ၂၁၀၈ တန် ၊ ဈေးတန်း ၁ ရပ်ကွက် ဘောလုံးကွင်းအနီး၌ ပျဉ်းကတိုးခွဲသား ၁၇ ချောင်း ဝ ဒသမ ၄၉၂၆ တန် တို့အား ပိုင်ရှင်မတွေ့ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကာ ဖမ်းဆီးရမိသည့် သစ်များအား မြို့ချောင်းကျေးရွာ ကယားဖူးသစ်ဆိပ်သို့ သယ်ယူခဲ့ကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Source : Myanmaalinn