Skip to main content

လှိုင်မြို့နယ် အတွင်းရှိ နေအိမ် (၁)အိမ်မှ ငွေ(၄၈)သိန်းကျပ် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများ ခိုးယူသွားသူအား ဖမ်းဆီးရမိ

လှိုင်မြို့နယ် အတွင်းရှိ နေအိမ် (၁)အိမ်မှ ငွေ(၄၈)သိန်းကျပ် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများ ခိုးယူသွားသူအား ဖမ်းဆီးရမိ

အမှုမှာ ၂၉.၄.၂၀၁၉ ရက်နေ့ ၀၈၂၅ အချိန်တွင် လှိုင်မြို့နယ်၊ (၆)ရပ်ကွက်၊ ဘူတာရုံလမ်း၊ အထက(၁) ကျောင်းဝန်းနေ ကျောင်းအုပ် ဒေါ်---- သည် ကမာရွတ်မြို့နယ်ရှိ TTC ကျောင်းသို့ သွားရောက် ပြီး ပြန်လာစဉ် နေအိမ်လိုင်းခန်း၏ အိမ်တံခါးသော့မှာ ပွင့်နေသဖြင့် နေအိမ်အိပ်ခန်းအတွင်း ဝင်ရောက် စစ်ဆေးရာ သံသေတ္တာအတွင်းထည့်ထားသော စုစုပေါင်း(၄၈)သိန်းကျပ်တန်ဖိုးရှိ လက်ဝတ်ရတနာ ရွှေထည်ပစ္စည်းများ၊ ကမ္ဘောဇဘဏ်စာအုပ်(၁)အုပ်၊ မြန်မာ့စီးပွားရေးဘဏ်စာအုပ်(၁)အုပ် နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၁)ခုတို့မှာ ပျောက်ဆုံးနေကြောင်း စစ်ဆေးသိရှိရသဖြင့် ပစ္စည်းများခိုးယူသွားသူအား အရေးယူပေးပါရန် လှိုင်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။



ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပစ္စည်းများ ခိုးယူသွားသူအား အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက် သွားရန် ညွှန်ကြားချက်အရ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် မှော်ဘီမြို့နယ်၊ သဲမှုတ်ချောင်း ကျေးရွာအုပ်စု၊ ရေတာကျေးရွာ နေ ဖြိုးဝဏ္ဏမောင်(ခ)ဝဏ္ဏ ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ၂၀.၁၀.၂၀၁၉ ရက်နေ့ ၁၈၀၀ အချိန်တွင် ၎င်း၏နေအိမ်၌ တွေ့ရှိ၍ အမှုဖြင့် ဖမ်းဆီးခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဖြိုးဝဏ္ဏမောင်(ခ)ဝဏ္ဏ အား စစ်ဆေးခဲ့ရာ အထက်ပါ ခိုးမှုအား ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် သက်သေခံရွှေထည်ပစ္စည်းများအား ပြန်လည်သိမ်းဆည်း၍ ခိုးမှုကျူးလွန်သူ ဖြိုးဝဏ္ဏမောင်(ခ)ဝဏ္ဏ အား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police