Skip to main content

ဖျာပုံကနေ မျောလာလိုက်တာ ထားဝယ်ကမ်းနဲ့ မိုင် ၁၂၀ အကွာမှာ ကျုပ်တို့နဲ့ တွေ့တာပဲ (ဖြစ်ရပ်မှန်)

ဖျာပုံကနေ မျောလာလိုက်တာ ထားဝယ်ကမ်းနဲ့ မိုင် ၁၂၀ အကွာမှာ ကျုပ်တို့နဲ့ တွေ့တာပဲ (ဖြစ်ရပ်မှန်)

အချိန်ကနေ့လည်ခင်း။ တက်မစင်ပေါ်တွင် အောင်အောင်တစ်ယောက် navigation watch ယူရင်း ပင်လယ်ထဲတွင် ဖောင်လိုလိုအရာတစ်ခုမြင်မိလိုက်သည်။ ပိုသေချာစေရန် မှန်ဘီလူးဖြင့်ကြည့်ရာ ငါးဖမ်းရာတွင်သုံးသည့် ကျားဖောင်ဟုခေါ်ကြသော ဂါးတစ်စီးဖြစ်နေသည်။



ပင်လယ်ထဲတွင်ထိုဖောင်များတွေ့ရတတ်သော်လည်း အတန်းလိုက် အစီး လေးငါးဆယ် ငါးဖမ်းနေကြသည်သာတွေ့လေ့ရှိပြီး ယခုသို့တစ်စီးသီးသန့် တွေ့ရသည်မှာ ပုံမှန်မဟုတ်ကြောင်းအတွေ့အကြုံအရ သိလိုက်သည်။ ပိုသေချာသွားသည်မှာ ထို ဖောင်ခေါင်မိုးတွင် လူအချို့ အလံဖြူနှင့် ပုဆိုးအလံများဝှေ့ယမ်းနေကြသည်ကိုတွေ့ရခြင်းပင်။ ထိုသူများ သည် သင်္ဘောဘက်လှည့်ကာ လက်အုပ်ချီနေကြသေးသည်။

ထိုအခါ တာဝန်ကျ ဒုတိယ အရာရှိကိုအကြောင်းကြားလိုက်ပြီး သတိရှိသောအရာရှိကလည်း ရေယာဉ်မှူး ကိုချက်ချင်းအကြောင်းကြားကာ engine roomသို့ ဆက်သွယ် standby engine modeပြောင်းကာ စက်ကို အမြန်လျော့ချပြီး ရပ်တန့်နိင်အောင်ကြိုးစားလိုက်တော့သည်။ ထို့နောက်ကယ်ဆယ်ရေး အတွက် ကြိုးစားကြတော့သည်။ ထိုရေပြင်မှာ ငါးမန်းလွန်စွာပေါသောကြောင့် သတိထားကြည့်မိရာ ထင်ထားသည့်အတိုင်း အချို့နေရာများတွင် ငါးမန်းများမှာလည်းကူးခတ်နေကြသေးသည်။



ကျော်ထိုက် နှင့်အတူပါသူနှစ်ယောက် ဖောင်တစ်စီးနှင့် ပင်လယ်ထဲမျောနေသည်မှာ ၁၀ရက်ရှိပြီဖြစ်သည်။ ပါလာသော အစားအသောက်များကုန်သွားသည်မှာ လွန်ခဲ့သောငါးရက်ကပင်။ အနည်းငယ်သာကျန်သောရေချိုကို တစ်ယောက်တစ်ငုံစီသောက်ကာ အသက်ဆက်နေကြရခြင်းဖြစ်သည်။ ထိုရေမှာလည်း နောက်တစ်ရက်ဆိုကုန်ပြီ။ နောက်တစ်ရက်တွင် အသက် ဆက်ရှင်ရန်ပင်မသေချာတော့။

ပွဲစားလာခေါ်၍ ငွေကြိုယူကာ လိုက်လာခဲ့ရသော်လည်း ပင်လယ်နှင့် မနီးစပ်သော သူတို့အတွက် ရေထဲတွင် ဖောင်လေးတစ်စင်းပေါ်၌ ခက်ခဲစွာ လုပ်ကိုင်စားသောက်ခဲ့ရသည်။ ဖျာပုံနားတွင် ထိုဖောင်တန်းကြီးနှင့် ငါးဖမ်းရင်းတစ်ည လေကြီးမိုးကြီးကျကာ ဖောင်မှ ဂုတ်စီးတန်းကျိုးကာ မျောသွားခဲ့ခြင်းဖြစ်သည်။



စက်လှေများရှိသော်လည်း လိုက်၍မျှရှာဟန်မတူ။ ရာသီချိန်ကုန်ပြီး လုပ်ငန်းသိမ်းသည့်အချိန်မှ လာရောက်စောင့်မျှော်နေမည့် မိသားစုကို ယင်းတို့မပါကြောင်းပြောပြကာ လျော်ကြေးအဖြစ် တစ်ယောက် ခြောက်သိန်းခန့်ပေးလျော်မည်ဖြစ်သည်။

ထိုဖောင်လေးနှင့် ၁၀ရက်ကြာ လေယူရာလွင့်နေခဲ့ပြီး အချို့သင်္ဘောများတွေ့ရသော်လည်း လွန်စွာဝေးနေသောကြောင့် အကူအညီတောင်းရန်မဖြစ်နိုင်။ ကမ်းလွန်ရေနံစင်ကြီးကိုတွေ့သော်လည်း ကူးသွားကြရန် အားအင်ကမရှိ။ တစ်ယောက်မှာ အခြေအနေအတော်ဆိုးပြီး အားအင်ပြတ်လတ်ကာ ကူးလိုကကူးသွားနိုင်ကြကြောင်း ယင်းကိုယ်တိုင်ကမူ ဖောင်ပေါ်တွင်အသေခံတော့မည်ဖြစ်ကြောင်းပြောလာသည်။ ကျန်နှစ်ယောက် စဉ်းစားရပြီ။ သူတို့လက်ရှိအားအင်အနေအထားနှင့် ရောက်ရန် လုံးဝမလွယ်။ နောက်ဆုံး သုံးယောက်အတူ ဖောင်ပေါ်တွင်သာ ဆက်နေကြရန် သဘောတူလိုက်တော့သည်။



စိတ်ဓါတ်ကျကာ တစ်ဦးနှင့်တစ်ဦးပင် စကားမပြောကြတော့။ ဖောင်ထဲရှိတဲလေးထဲတွင် ကျန် နှစ်ယောက်စိတ်ပျက်လက်ပျက် ဝင်ခွေနေတုန်း ကျော်ထိုက် ရုတ်တရက် သင်္ဘောကြီးတစ်စီးအား အနီးတွင် တွေ့လိုက်ရသည်။ ဝမ်းသာအားရ ခေါင်မိုးပေါ်တက် အလံဖြူထောင်ပြ ပုဆိုးပြသူကပြ ထိုင်ကန်တော့သူက ကန်တော့ အလုပ်များသွားကြသည်။ ထိုသင်္ဘောကြီးကျော်သွားသောအခါ မိမိကိုယ်ကို သတ်သေချင်စိတ်များပင်ပေါက်လာခဲ့သည်။ သို့သော် မကြာခင်ပြန်လှည့်လာသည်ကို တွေ့လိုက်ရသောအခါ။

အိုင်ဆေးရေ အဲ့ဒီ့ မောင်မင်းကြီးသားသုံးယောက်ကို ကျုပ်တို့ ကယ်ခဲ့ရတယ်ဗျာ။ ဖျာပုံကနေမျောလာလိုက်တာ ထားဝယ်ကမ်းနဲ့ မိုင်၁၂၀အကွာမှာ ကျုပ်တို့နဲ့တွေ့တာပဲ ငါးမန်းပေါတဲ့ပင်လယ်ထဲဆင်းကူးလာလိုက်ကြတာဗျာ အသက်ဘေးဆိုတော့လည်း ဘာမှမကြောက်တော့ဘူးထင်ပါရဲ့။ တစ်ယောက်က အားမရှိတော့လို့မကူးတော့ပဲ ကိုယ်ဖော့ထားပြီး တစ်ယောက်က ဗောကွင်းလေးမှီတာနဲ့ ကူးသွားပြီး သွားပေးတယ်။



နောက်တော့ တစ်ယောက်စီ ကယ်တင်နိုင်ခဲ့တယ်။ သင်္ဘောပေါ်ရောက်တော့ အကိုကြီးတို့ပေးတဲ့အသက်ပဲရှိပါတော့တယ်ဆိုပြီး လက်အုပ်လေးချီပြီးပြောတာဗျာ ရင်ထဲမကောင်းလိုက်တာ။ သူတို့ကိုကြည့်ပြီး မျက်ရည်တောင်ဝဲတယ်။ အစာမစားရတာ၅ရက်ဆိုတော့ နွားနို့နဲ့ ပေါင်မုန့်လေးစတင်ကျွေးပြီး ပြုစုပြီး အိမ်ပြန်နိုင်ကြအောင် ကယ်တင် ကုသိုလ်ပြုခဲ့ကြနိုင်တာ ပြောပြရင်း ပီတိလေးတွေမျှဝေပေးလိုက်ပါတယ်ဗျာ။ ။

ဖြစ်ရပ်မှန်ပါ။

Zaw Htak khine ဖေ့ဘုတ်မှ ကူးယူမျှဝေပါသည်။