Skip to main content

ကြောက်စရာ ကောင်းလာပြီ ဖြစ်သော ကသာ-ဗန်းမော် ကားလမ်း

ကသာ - ဗန်းမော် ကားလမ်း မဲဟင်း ကျေးရွာအဝင် လမ်းခွဲအနီး မိုင်တိုင်အမှတ် 6/7 အကြား မှာ ၁၈.၂.၂၀၂၀ ရက် နေ့ ညနေ ၅း၃၀ နာရီခန့် က မင်လယ်ကျေးရွာ ဘက်က နေပြန်လာတဲ့ လူတစ်ဦးကို MASK အနက်ရောင်များ တပ်ထားတဲ့ လူငယ် လူလတ်ပိုင်း ၄ ဦးအဖွဲ့ က ပဆိုးကွင်းကို ကြိုးသဖွယ် လိမ်ကျစ်ပြီး လူ ၂ ဦးမှ ဟိုဘက် ဒီဘက် ဆန့့်ဆွဲ ကိုင်ထားကာ လမ်းမပေါ်မှာ အကြမ်းဖက် လုယက်ဖို့ တားဆီးခဲ့သော ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပါတယ် ။

လူ ၄ ဦးအနက် ဗလကောင်းကောင်း ၂ ဦးက ကျောက်ခဲကို အသင့်ကိုင်ထားပြီး လမ်းဘေး တစ်ဖက် တစ်ချက် စီကနေ အသင့်စောင့်ဆိုင်းနေခဲ့တာဖြစ်လို့ လမ်းကောင်းကောင်း မှာ အရှိန်နဲ့ မောင်းလာတဲ့ ဆိုင်ကယ်ဟာ နောက်ပြန်လှည့်ဖို့ အချိန်မရတော့ပါဘူး ။



သေချာပေါက် ခဲနဲ့ ထုခံရမှာပါ ။ အရင်ကဒီနေရာမှာ ဆိုင်ကယ် မတော်တဆလို ဘာလိုလိုနဲ့ လက်သည်မပေါ်ပဲ လူတစ်ယောက် သေဆုံးခဲ့ပါတယ် ။ အဲဒီ ဖြစ်စဉ်ဟာလည်း သွေးရိုးသားရိုးဖြစ်ပုံ မပေါ်ပါဘူး ။

ဒီနေရာမှာ ပိတ်ဆို့ တားဆီးခဲ့တဲ့ လူတွေကို အကယ်၍ အရှိန်နဲ့ ဝင်တိုက်ပြီး ထွက်ပြေးမယ် ဆိုရင်လည်း ဆိုင်ကယ်လှဲပြီး အခြေနေမကောင်း ဖြစ်သွားနိုင်ပါတယ် ။

ဒီတော့ ဝါးတစ်ပြန်လောက် အရောက်မှာ ဆိုင်ကယ်ကို အရှိန်လျော့ ရပ်လိုက်ပြီး " ဟေ့ယောင်တွေ မင်းတို့က ဘာဖြစ်နေကြတာလဲ ငါမင်းလယ်ရွာ က ကွ" လို့ အော်ပြေးသွားပြီး ညာအစွန်က ခဲကိုင်ထားတဲ့ တစ်ယောက်ရဲ့ ရင်ဝကို ပြေးကန် လိုက်ပါတယ် ။



တစ်ဆက်တည်းမှာပဲ ဘေးနားကကောင်ကို ဟန်ချက်ပျက်သွားအောင် အောက်ခြေသိမ်း ဖြတ်ကန်လိုက် လို့ နောက်တစ်ယောက်လည်း လှဲကျသွားခဲ့ပါတယ် ။

ဒီအခြေအနေကို မြင်လိုက်တဲ့ ဘယ်အစွန်က ခဲ့ကိုင်ထားသော တစ်ယောက် က ရန်မမူတော့ပဲ တောအတွင်းကို ဝင်ပြေးသွားပါတယ် ။

ကျန်တစ်ဦးကတော့ ဝမ်းဘိုင်ဝမ်းတွေ့ပြီးရင်ဝကို ထိုးချလိုက်လိုက် လို့ ချက်ကောင်းထိပြီး ရုတ်တရက် ပြန်မထနိုင်တော့ပါဘူး ။ ဒီအချိန်မှာ အောက်ခြေသိမ်း ကန်ခံလိုက်ရတဲ့ လူငယ်က သတိဝင်လာပြီး ရုတ်တရက်ထကာ လက်ထဲမှာ အသင့် ကိုင်ထားတဲ့ ခဲနဲ့ ထုလိုက်လို့ ရှပ်အကျီ င်္ဘယ်ဘက် အိတ်ထောင်အတွင်းမှာ ထည့်ထားတဲ့ SAMSUNG ဖုန်းကို ထိမှန်ပြီး ကွဲကြေသွားခဲ့ပါတယ် ။



အဲဒီ လူငယ် ၄ ဦးအနက် ၃ ဦးက အသက် ၂၀ ဝန်းကျင်လို့ ခန်မှန်းရပြီး ကျန်တစ်ဦးက အသက် ၄၀ ခန့် ရှိမယ် လို့ ခန့်မှန်းရတယ် လို့ ကာယကံရှင် ဖြစ်သူက ပြောပြခဲ့ပါတယ် ။ ဆိုးသွမ်းလူငယ် ၄ ဦးရဲ့ အလစ်အငိုက်ကို အခွင့်ကောင်းယူပြီး ခုခံတိုက်ခိုက်ခဲ့ရာမှာ အသက်အကြီးဆုံးလူက ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပါတယ် ။

လမ်းပေါ်ကို လှဲကျနေစဉ် လမ်းဘေးက ကျောက်စွန်းနဲ့ မျက်နှာကို ပွတ်တိုက်လိုက်တဲ့ အတွက် ပေါက်ပြဲ ဒဏ်ရာရှိခဲ့ပြီး သတိမေ့နေခဲ့တယ် လို့ ဆိုပါတယ် ။

ဆိုးသွမ်းလူငယ်တွေကို ဖော်ထုတ်ချင်ပေမယ့် တောထဲဝင်ပြေးသွားတဲ့တစ်ယောက်က နောက်ထပ် လူတွေခေါ်လာပြီး ရန်ပြုမှာစိုးတာရယ် ဖုန်းကလည်း ဆက်လို့မရတော့တာရယ်ကြောင့် ပြန်ခဲ့ရပါတယ် ။

ဒီနေရာနဲ့ အနီးတဝိုက်မှာ အရင်က ဘုန်းကြီးတစ်ပါး လိုက်ပါလာသော ကားတစ်စီးကို တားဆီးခဲ့ပြီး လုယက်ခဲ့တဲ့အတွက် ငွေ ၅ သောင်းကျပ်နဲ့ နာရီ တစ်လုံး ပေးလိုက်ရကြောင်း စုံစမ်း သိရှိရပါတယ် ။

မူးယစ်ဆေးဝါးနဲ့ ပါတ်သက်ဆက်နွယ်နေတဲ့ ဆိုးသွမ်းလူငယ်တစ်စုဟာ လမ်းမပေါ်တက်ပြီး အကြမ်းဖက် လုယက်မှုတွေ ပြုလုပ်လာကြပြီ ဖြစ်ပါတယ် ။

ခရီးသွား ပြည်သူများ အနေနဲ့ သတိထား သွားလာကြပါ ။ အခု လို ချပြတဲ့ ဖြစ်စဉ်ကတော့ ကာယကံရှင်ကိုယ်တိုင် ပြောပြခဲ့တာ ဖြစ်ပါတယ် ။

မြင့်လွင်