Skip to main content

မွေးကင်းစ ကလေးရှိတဲ့ မိဘတိုင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ သိထားဖို့

"2020.04.12 ည" သားလေးကြောင့် ကျွန်မတို့ လင်မယား မျက်ရည်ကျမိတဲ့ တစ်ည။ မွေးကင်းစ ကလေး ရှိတဲ့ မိဘတိုင်းနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း အဆုံးထိ ဖတ်ပေးပါ။

သားလေး မွေးတာ ဒီနေ့နဲ့ဆို ၁၈ ရက် ရှိပြီ။ ဆေးရုံမှာ ဆေးရုံတက်စဥ်တုန်းက ဆရာဝန် သူနာပြု ဆရာဆရာမ အားလုံးက ကလေးက သိပ် အေးကြောင်း၊ တကယ် သဘောကောင်းကြောင်း ဝိုင်းပြောကြတယ်။ ဆေးရုံဆင်းတော့ ဆရာမတွေ အားလုံးကတောင် ဝမ်းနည်းနေကြတယ်။

ဒီလိုနဲ့ ဆေးရုံက ဆင်းလာပြီး အိမ်ရောက်ပြီး သုံးလေးရက် နေတော့ လုံးဝ မငိုတဲ့ အနေအေးတဲ့ ကလေးလေးက ညတွေ မအိပ်တော့ဘဲ ထ ထ ငိုပြီး မနက်လင်းအားကြီးမှ အိပ်တော့တယ်။ ကလေး နေ့ည မှားမှန်း ရိပ်မိလို့ ပါးစပ်ပြော ကုထုံးတွေထက် လက်တွေ့ကျတဲ့ နည်းလမ်းကို ရှာဖွေပြီး ကျွန်မ ကလေးကို နေ့ညမှန်အောင် ကျင့်ပေးတယ်။ မနက်ခင်း ၈နာရီလောက် သေချာပေါက် နှိုးပေးပြီး၊ နေရောင်ခြည် ပြပေးတယ်။

ဒီ နည်းက သဘာဝဖြစ်စဥ်ကို ခန္ဓာကိုယ်ကနေ အလိုလို သိစေတယ်လို့ ဆိုတယ်။ ဒီလိုနဲ့ ကလေးက နေ့ည မှန်သွားတယ်ပေါ့။ ဒါပေမယ့် နေ့ည မှန်လို့မှ မကြာသေးဘူး။ နေ့ခင်းလည်း လုံးဝ မအိပ်၊ အမေ နို့ပဲ တစ်ချိန်လုံး တောင်းပြီး နို့စို့ပြီး အိပ်ပြီဆိုပြီး ခုတင်ပေါ် ချလိုက်တာနဲ့ ငို၊ ငိုတာလည်း တော်တော်နဲ့ မရပ်၊ တစ်ကိုယ်လုံးကို တွန့်လိမ်ပြီး ငို၊ မျက်နှာတွေလည်း နီနဲ့ ပြဿနာတွေ တက်တော့တာပဲ။ အဖေလည်း မအိပ်ရ အမေလည်း မအိပ်ရ အားလုံး ပင်ပန်းကုန်ကြတယ်။

စိတ်ဓာတ်တွေလည်း ကျ၊ မျက်ရည်ပေါက်ကြီးငယ်လည်း ကျလို့ ညမှာ မအိပ်တဲ့ ကလေးကို ကြည့်ပြီး ဒေါသလည်း ထွက်မိတယ်။ ဒီလောက် ချော့ နို့တိုက် လုပ်နေရက်နဲ့ မအိပ်ရကောင်းလားပေါ့။ ဘာကို ဘယ်လို လုပ်ပေးမှ အဆင်ပြေမလဲပေါ့။ ဒါကြောင့် နောက်နေ့ကျတော့ ကလေး အခြေအနေကို သုံးသပ်ပြီး အချက်အလက် ရှာဖတ်ကြည့်တော့ ကလေးက "ရုတ်တရက် ကြီးထွားဖွံ့ဖြိုးချိန်" ရောက်လာတယ်လို့ သံသယ ရှိမိတယ်။ ဒါနဲ့ ဆေးရုံကို ဖုန်းလှမ်းဆက်ကြည့်တော့ ရုတ်တရက် ကြီးထွားဖွံ့ဖြိုးချိန် မှန်ကြောင်း ပြောတယ်။

ရုတ်တရက် ကြီးထွားဖွံ့ဖြိုးချိန်ဆိုတာက ကလေးက မွေးပြီး ၃ပတ်၊ ၆ပတ်၊ ၃လ၊ ၆လနဲ့ ၉လတို့မှာ ကြုံရတဲ့ ဖြစ်စဥ် တစ်ခုပါ။ ကောင်းနေတဲ့ ကလေးက ရုတ်တရက် ထငိုတယ်၊ မအိပ်ဘူး၊ နို့ပဲ စို့ချင်တယ်၊ နို့စို့ပြီးတာနဲ့ မအိပ်ဘဲ ဂျီကျတယ်၊ တစ်ကိုယ်လုံးကို တွန့်လိမ်ပြီး အော်ငိုတယ်၊ အဖုလေးတွေ ပေါက်တယ်၊ အမေကိုပဲ ကပ်ချင်တယ် ဒီလို အခြေအနေတွေ ပြတယ်ပေါ့။ ပထမ ၃ပတ်နဲ့ ၆ပတ်ကာလက တစ်ပတ်ကနေ ဆယ်ရက်လောက်အထိ ကြာပြီး လသား အရွယ်ရောက်တဲ့ အခါမှာတော့ နည်းနည်း ပိုကြာပေမယ့် ပထမ အကြိမ်တွေလောက် မဆိုးဘူးလို့ ဆိုပါတယ်။

ဒီ ကာလကို ဘယ်လို ကျော်ဖြတ်မလဲဆိုပြီး ကျွန်မတို့ လင်မယား အတူတူ စာဖတ်ကြရင်း အောက်က စာလေးကို ဖတ်မိကြတယ်။ ရက်တစ်ရာရဲ့ လက်ဆောင်မွန်ဆိုတဲ့ စာအုပ်ထဲက ဒီ စာလေးကို ဖတ်မိပြီး ကလေးရဲ့ သဘောထားကို သိရတဲ့ ကျွန်မတို့ လင်မယား ရင်နင့်ပြီး ငိုမိကြတယ်။ ကလေး ရှိတဲ့ မိဘတိုင်း ကလေး ရတော့မယ့် မိဘတိုင်း ဖတ်ကြည့်ကြပါနော်။ ကျွန်မက သားလေးမို့ သားလေးအနေနဲ့ ဘာသာပြန်ထားပေမယ့် သမီးလေး ရှိသူတွေကတော့ သမီးလို့ ပြောင်းဖတ်ကြည့်ပါ။

"ကလေးလေးရဲ့ ရင်ဖွင့်သံ"

မေမေ သားက ၃ပတ် ၆ပတ် ၃လ ၆လနဲ့ ၉လ အရွယ်မှာ ရုတ်တရက် ကြီးထွားဖွံ့ဖြိုးချိန်နဲ့ ကြုံပါတယ်။ သားက အခုကနေ ရက် ၁၀၀ ပြည့်တဲ့အထိ အရပ်က ၁၀ကနေ ၁၅စင်တီအထိ ရှည်ပြီး၊ ခန္ဓာကိုယ် အလေးချိန်က နှစ်ဆထိ ထပ်တိုးမှ ဆက်လက် အသက်ရှင် နေနိုင်ပါတယ်။ ဒါကြောင့် အလွန်အမင်း စားပြီး အိပ်တဲ့ အလုပ်ပဲ သား လုပ်နိုင်ပါတယ်။ တစ်နေ့လုံး လှဲပဲ နေရတော့ ကြီးထွားတဲ့ဒဏ်ကြီး ပေါ်လာရင် ငါးခြောက် ဖုတ်သလို တွန့်လိမ်ပစ်လိုက်မှ နေသာတယ် မေမေ။

မေမေ သားကို ဘာလို့ ဒီလောက်တောင် ညညဆို မအိပ်ရသလဲလို့ မပြောပါနဲ့။ ညညဆို ကြီးထွားတဲ့ ဟော်မုန်းတွေ ထွက်လာတဲ့အခါ သား အရိုးတွေ ဆန့်ထွက်လာလို့ အရမ်းကို နာတယ် မေမေ။ ဒေါသတွေလည်း ထွက်တယ်ဗျာ။ ဒါကြောင့် ပင်ပန်းတယ်လို့ မေမေ့ကို ပြောတာကို မေမေက သားကို မအိပ်လို့ဆိုပြီး ခဏခဏ အိပ်ပဲ အိပ်ခိုင်းတယ်။ အိပ်ဖို့အတွက် သားကို လှဲပဲ လှဲမထားဘဲ ပွေ့ဖက်ပေးပါ။ ပုံစံ တစ်မျိုးတည်းနဲ့ လှဲပဲ နေရတော့ ပင်ပန်းလွန်းလို့ပါ။ ဖြည်းဖြည်းချင်း သားကို ပွတ်သပ်ပေးပါ။ ဒါဆို သားနေရတာ အဆင်ပြေလို့ပါ။

မေမေ သားကို ဘာလို့ ဒီနေ့ အီအီး မပါရလဲဆိုပြီး မဆူပါနဲ့။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ များလွန်းလို့ သား စုပ်ယူနေရလို့ပါ။ ဒါကြောင့် ခဏခဏ သားကို ဆေးရုံ ခေါ်သွားပြီး ဝမ်းမချူပါနဲ့။ အဲဒါကြီးက နာလွန်းလို့ပါ။

မေမေ သားကို ဘာလို့ လက်က ချလိုက်တာနဲ့ ငိုတာလဲလို့ မဆူပါနဲ့။ မေမေ့ အနံ့ဟာ သားအတွက် ဒီ လောကကြီးထဲမှာ အရင်းနှီးဆုံး အနံ့ပါ။ မေ့မေ့အနံ့က သားကို အိပ်ပျော်စေတယ်။ ပြီးတော့ မေမေ့ ရင်ခွင်က တခြား မွေ့ယာတွေထက် ပို နွေးတယ်။ ကြမ်းပြင်ကြီးနဲ့ ခုတင်ပေါ်မှာပဲ လှဲထားရင် တစ်ကိုယ်လုံးကို ကိုက်ခဲလို့ပါ မေမေ။

မေမေ သားက မေမေ့ တစ်ယောက်ကိုပဲ ယုံပြီး ဒီ လောကကြီးထဲကို ရောက်လာတာပါ။ သား ဂျီကျတာတွေက အကုန် အကြောင်းအရင်း ရှိပါတယ်။ သားကို မဆူပါနဲ့။ မေမေ့ ဗိုက်ထဲမှာတုန်းကလို အေးအေးဆေးဆေး နေချင်မိတယ်။ ရက် ၁၀၀ လက်ဆောင်မွန်ကို သား ပေးမှာမို့ စောင့်ပေးပါနော်။ မဟုတ်ရင်တော့ ရက်၁၀၀ရဲ့ ပြဿနာတွေကို သား ဖန်တီးပစ်လိုက်မယ်။

မေမေ သား မွေးလာလို့ ပင်ပန်းနေပြီမို့လား။ သားက အိပ်ပျော်နေတုန်းပဲ ချစ်စရာကောင်းမှန်း သား သိပါတယ်။ သား ငိုရင် ဘာလို့လဲဆိုပြီး ကြောက်နေမှန်းလည်း သား သိပါတယ်။ ညတွေလည်း မအိပ်ရဘဲ သားကို စိတ်ရှည်သည်းခံပေးလို့ ကျေးဇူးပါ။ သားလည်း မေမေ့ ဗိုက်ထဲမှာနဲ့ လုံးဝ မတူတဲ့ အပြင်လောကကြီးရဲ့ နေထိုင်မှုဘဝက သိပ် ပင်ပန်းတယ် မေမေရယ်။

မေမေက သားကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးရင် ပင်ပန်းတာတွေ ပျောက်ကုန်ပြီး အသက်ရှုရတာလည်း အဆင်ပြေ၊ ရင်ထဲလည်း နေရတာ ကောင်းတယ် မေမေ။ တစ်ကိုယ်လုံး နွေးပြီး ကြီးထွားတဲ့ဒဏ်ကြီးလည်း ပျောက်ပျောက်သွားပြီး စိတ်လည်း ပျော်လာတယ်။

ကြောက်လန့်တဲ့ အခါ၊ စိတ်တိုတဲ့ အခါ၊ နာလာတဲ့အခါ၊ အိပ်ငိုက်တဲ့အခါ မေမေ့ နို့ စို့ရင်း မေမေ့ ရင်ခွင်ထဲမှာ နေလိုက်ရရင် အားလုံး ပျောက်ကုန်တယ်။ ဒါကြောင့် သားက မေမေ့ကို ခဏခဏ ချီပေးဖို့ ချိုချို တိုက်ဖို့ ပူဆာမိတာပါ။

မေမေမို့လို့ပေါ့။ သားရဲ့ မေမေ ဖြစ်နေလို့ စိတ်ချလက်ချ ဆိုးမိတာပါ။ မေမေ တွေးကြည့်ပါ။ ဒီ လောကကြီးထဲမှာ သားက ဘယ်သူ့အပေါ် ဒီလို ဆိုးလို့ ရမှာလဲ။ အဲဒီလို စိတ်ကြိုက် ဆိုးလိုက်ပြီးရင် ပင်ပန်းလွန်းတဲ့ ခန္ဓာကိုယ် ဖြစ်စဥ်တွေ အကုန် ကောင်းကုန်တယ် မေမေ။

မေမေ့ ရင်ခွင်ဟာ သားအတွက် ဒီ လောကကြီးထဲမှာ ကျင့်သားရအောင် နူးညံ့တဲ့ လမ်းကို ကြောင်းပေးတယ် မေမေ။ သားက မေမေ့ ရင်ခွင်မှာပဲ ဒဏ်ရာတွေ ပျောက်ပြီး လူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲကို သင်ယူရတယ် မေမေ။ မေမေက လောကကြီးနဲ့ ချစ်ခြင်းမေတ္တာကို သင်ယူနိုင်တဲ့ ပထမဦးဆုံး ကျောင်းဖြစ်ပြီး လက်နဲ့ ကိုင်ကြည့်လို့ ရတဲ့ ချစ်ခြင်းပါ မေမေ။ မေမေ့ရဲ ခန္ဓာကိုယ်က သားအတွက် အသက်ပါ မေမေ။ ဖေဖေ.. မေ့မေ့ကို ကူပေးပါနော်။

ကျွန်မတို့ ဒီ စာလေး ဖတ်ပြီး နှစ်ယောက်လုံး ငိုမိတယ်။ ညတွေ မအိပ်တဲ့ သားလေးကိုလည်း ဇွတ် မသိပ်တော့ဘူး။ သူကျေနပ်တဲ့အထိ ပွေ့ထားပြီး အိပ်ပျော်အောင် ထားလိုက်တယ်။ နေပြောက် တစ်ချက် မထိုးတဲ့ သားအိမ်ထဲမှာ ကွေးကွေးလေး ဆယ်လလုံးလုံး နေလာခဲ့ရတဲ့ ကလေးလေးတွေက အပြင် လောကကို ရုတ်တရက် ရောက်လာတဲ့ အခါ သူတို့အတွက် အရမ်း ပင်ပန်းပါတယ်။ မိဘတွေက ကလေးတွေရဲ့ ဖြစ်စဥ်တွေနဲ့ ခံစားချက်တွေကို စနစ်တကျ သိဖို့ လိုပါတယ်။ ကလေးငယ် ရှိတဲ့ မိဘတွေလည်း ဒီ စာလေး ဖတ်ပြီး ကလေးရဲ့ ခံစားချက်ကို ခံစားသိနိုင်စေဖို့ ကျွန်မ ဘာသာပြန်ပေးလိုက်ပါတယ်။

ရက် ၂၀ သားလေး မေမေ ချမ်းမြမြသော်

(စာအုပ်က ကိုရီးယား စာအုပ်ပါ။ ကျွန်မက ကိုရီးယားမှာ နေသူမို့ ကိုရီးယားဆေးပညာနဲ့ ကလေးထိန်းသိမ်းနည်း စာအုပ်တွေ ဖတ်ပါတယ်။)

Credit : Chan Mya Mya Thaw