Skip to main content

အာဟာရ တန်ဖိုး မြင့်မားပြီး အရသာရှိလှသည့် ဒိန်ခဲ

ဒိန်ခဲ (Cheese) ဆိုသည်မှာ အာဟာရတန်ဖိုးမြင့်မားသော၊ အရသာရှိလှသည့် နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ နို့တိုက်သတ္တဝါများဖြစ်သော ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့်သတ္တဝါများ၏နို့ကို အကျိုးပြုအဏုဇီဝဘက်တီးရီးယားများကသုံးပြီး အချဉ်ဖောက်ခြင်းမှရလာသော အတုံးအခဲလေးများဖြစ်ပါသည်။

ဒိန်ခဲစားလျှင် ပထမဆုံးအနေနှင့် အာဟာရဓာတ်များစွာရရှိသည့်အပြင် ပရိုဘိုင်အိုတစ်များလည်း ရရှိပါသည်။ ထို့အပြင် ခန္ဓာကိုယ်ကြီးထွားဆဲ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များအတွက် လွန်စွာသင့်လျော်ပါသည်။ ကျောင်းနေအရွယ်ကလေးများကို ယနေ့ခေတ်တွင် ခေတ်စားနေသော အကြွပ်ထုပ်များဝယ်ကျွေးမည့်အစား နို့နှင့် နို့ထွက်ပစ္စည်းများကိုသာ ဝယ်ကျွေးသင့်ပါသည်။

ဒိန်ခဲတွင်ပါဝင်သော အော်ဂဲနစ်ကယ်လ်စီယမ်များက အရိုးနှင့်သွားများကို ခိုင်ခံ့စေပါသည်။ ထို့အပြင် အရိုးနှင့်သွားများတည်ဆောက်ရာ၌ လိုအပ်သည့်ပရိုတင်းဓာတ်နှင့် ဗီတာမင်ဓာတ်များ လုံလောက်စွာပါဝင်သောကြောင့် အရပ်ရှည်ချင်သည့်ကလေးများ၊ အရိုးကျိုးသည့်ကလေးများအပြင် အသက် (၄၀) ကျော်သူများ၌လည်း အရိုးပါးအရိုးပွရောဂါမဖြစ်အောင် ကာကွယ်ရန်နှင့် ကုသရာ၌ များစွာအသုံးဝင်ပါသည်။ အထူးသဖြင့် သွားပိုးမစားအောင်ကာကွယ်ရာမှာ များစွာ အထောက်အကူပြုပါသည်။

ဒိန်ခဲတွင်ပါဝင်သည့် ပရိုဘိုင်အိုတစ် ဘက်တီးရီးယားများသည် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် အစာချေဖျက်ရာ၌ များစွာ အထောက်အကူပြုသည့်အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။

အဆိုပါ ပရိုဘိုင်အိုတစ်များသည် တဖြည်းဖြည်းများလာလျှင် ခန္ဓာကိုယ်ခုခံအားစနစ်ပါ တိုးတက်ကောင်းမွန်စေရုံသာမက အလာဂျီဟုခေါ်သည့် ဓာတ်မတည့်မှု၊ အော်တိုအင်မြူးရောဂါများပါ သက်သာလျော့နည်းစေခြင်းကို နောက်ပိုင်းတွင်သိလာရပါသည်။

နောက်ဆုံးတွေ့ရှိချက်အရ ဒိန်ခဲ၌ပါဝင်သည့် ပရိုဘိုင်အိုတစ်များမှ ထုတ်လုပ်လိုက်သောမက်တာဘိုင်အိုတစ်ထဲတွင် ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သော လီနိုလီရစ်အက်ဆစ်ဒြပ်ပေါင်း (Conjugated linoleic acid) များစွာ ပါဝင်နေသောကြောင့် ကင်ဆာကာကွယ်ရေးအတွက်လည်း အကျိုးရှိပါသည်။

Dr. Khin Maung Lwin - Fame