Skip to main content

ထိုင်းကနေ မြန်မာပြည်ကို ပြန်လာပြီး Quarantine ၂၁ ရက် နေခဲ့ရတဲ့ အမျိုးသမီး တစ်ဦးရဲ့ အတွေ့အကြုံ

ယခု သတင်းကို ( Thet Oo Naing ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။

အမြင်မှန်ကြလို့ အမှန်မြင်ကြပြီ။

"ကျမ ထိုင်းကနေမြန်မာဖက် မြဝတီကိုပြန်ရောက်ပြီး မြဝတီမှာ Quarantine ၂၁ရက်နေရမယ် ဆိုတော့ အလွန်စိတ်ညစ်ခဲ့ပြီး ဒီစခန်းကိုရောက်ရှိတဲ့နေ့မှာငါတို့တော့ထောင်ကျပြီလို့ခံစားလိုက်ရပါတယ်။

ကျမလေ...ထိုင်းမှာ ၅ နှစ်အလုပ်လုပ်ခဲ့ရတယ်မိသားစုတွေ အဖေအမေတွေနဲ့တွေ့ ချင်စိတ်က အရမ်းပြင်းထန်နေချိန်မှာဒီစခန်းမှာ ၂၁ ရက်နေရမယ်ဆိုတော့စဉ်းစား ကြည့်ပေါ့ရှင်။



ကျမလိုပဲအားလုံးဟာစ်ိတ်ညစ်နေကြပါတယ် ဒီလိုနဲ့နေလာလိုက်တာ.... ကျမတို့ကိုမနက်စာ၊နေ့လည်စာ ၊ ညစာထမင်း ၃ နပ်ကျွေးတယ်၊ဆာတဲ့အချိန်စားဖို့ဆိုပြီး မားမားခေါက်ဆွဲထုတ်တွေ အပြည့် ထားပေးတယ်၊အိုဗာတင်း၊ကော်ဖီ၊အအေးတွေကိုလည်းတစ်နေ့ ၃ ကြိမ် လောက်တိုက်ကျွေးကြတယ်။

ကျမတို့ရဲ့ ကျန်းမာရေးကိုလည်း နေ့စဉ် ၂ ကြိမ်စစ်ဆေးတယ်၊ ကျမတို့တတွေကျန်းမာရေး အတွက်ဆိုပြီး မနက်ပိုင်း ညနေပိုင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ရပြန်တယ် သောက်သုံးရေ၊ချိုးရေဆိုလည်းအဆင်သင့် ပြီးတော့အားလုံးကိုကုတင် တစ်လုံးစီနဲ့စောင်၊ခြင်ထောင်အပြည့်အစုံထားပေးတယ်။



တာဝန်ရှိသူတွေဟာလည်း တစ်ချက်မှနားရတယ်မရှိဘူး၊လူ ၅ဝဝ စာလောက်ကိုမနက်စာ၊ နေ့လည်စာ၊ညစာအတွက် ချက်ပြုတ်ပေးနေသူတွေဟာလည်း နေအပူ၊ လေအပူမှာ ချွေးတလုံးလုံးနဲ့ နေ့စားခလည်း တစ်ပြားမှ သူတို့ရကြတာ မဟုတ်ဘူး။ ဒီကြားထဲ ကျမတို့မပျင်းရအောင် အဆိုတော်တွေနဲ့ညဘက်မှာ လာရောက်ဖျော်ဖြေပေးကြသေးတယ်၊ပြောမယ်ဆိုရင်တော့ အများကြီးပေါ့ရှင်။

ကိုယ့်ကို သွေးမတော်သားမစပ်မိသားစုလိုဒီလောက်ဂရုစိုက်ပေးနေတာကို တွေ့ရှိလာတဲ့အချိန်မှာကျမမှားသွားပြီဆိုတာသိလိုက်ရတယ်၊ ကျမတို့ဖုန်းတွေမှာနေ့စဉ် Covid-19 ရောဂါနဲ့ ပတ်သက်ပြီး သတင်းတွေအမြဲတွေ့နေရတယ်၊ဘယ်နိုင်ငံမှ ဘယ်လောက်ကူးစက်ခံရပြီး ဘယ်လောက် သေဆုံးတယ်ဆိုတာတွေသိလာရတယ်။



အဲဒါတွေ သိလာတော့ ကျမတို့မြန်မာနိုင်ငံမှာ ၅ ဦးသေဆုံးပြီး တစ်ရာကျော်ကူးစက် ခံနေရတယ်။ ဒီစခန်းမှာ ဒီလိုပြည့်စုံအောင် ငွေကုန်အချိန်ကုန်လူပန်းပြီးထားပေး ကျွေးမွေးနေတာတွေဟာ ကျမတို့အတွက်၊ ကျမတို့မိသားစုအတွက် ကျမတို့နိုင်ငံအတွက် Covid-19 ရောဂါတွေ မကူးစက်အောင် သူတို့လုပ်ပေးနေပါလားလို့ ကျမသိလိုက်ရတဲ့အချိန်မှာ

အခုကျမတို့ပြန်ရတော့မယ်လေ ကျမအရမ်းဝမ်းနည်းမိပါတယ် ဒီစခန်းကတာဝန်ရှိသူများကျမကို ခွင့်လွှတ်ပေးကြဖို့ ဆရာကတဆင့် တောင်းပန်ခဲ့ပါတယ်လို့ ဆရာပြောပေးပါ။



ကျမအိမ်ပြန်ရလို့အရမ်း ဝမ်းသာပေမဲ့ ဒီစခန်းကမိသားစုလို ကျွေးမွေးစောင့်ရှောက်ပေးကြတဲ့တာဝန်ရှိသူ အားလုံးရဲ့စေတနာဟာ ကျမကိုဒီစခန်းက ထွက်ခွာမသွားအောင် ဆွဲခေါ်ထားသလိုခံစားရပါတယ်ရှင်။ ဖြစ်နှိုင်ရင်ဒီစခန်းကကျမ မသွားချင်ဘူး လုပ်အားပေးအနေနဲ့ ပြန်ပြီး ကျေးဇူးဆပ်ခြင်တယ်။ ဒါပေမဲ့မိဘတွေ၊ညီအစ်ကို မောင်နှမတွေကို ၅ နှစ်ကြာမတွေ့ရသေး လို့ဒီစခန်းကိုကျမနှုတ်ဆက်ခဲ့ပါတယ်။

ကျမ တို့ကိုချုပ်ချယ်ပြီးထောင်ချထားတယ်လို့ အရင်က ထင်မှတ်ခဲ့တဲ့ကျမကို/ဒီစခန်းက စေတနာနဲ့ စောင့်ရှောက်ပေးခဲ့တာတွေကို နားမလည်ခဲ့တဲ့ ကျမ အခုနောင်တရမိပါပြီရှင်။



ဒါကြောင့် တာဝန်ရှိသူများအပေါ် အထင်မြင်လွဲခဲ့မိတဲ့ ကျမတို့ကိုခွင့်လွှတ်ပေးကြပါလို့နောက်ဆုံးအနေနဲ့ပြောခဲ့ပါရစေ ဆိုပြီး လက်အုပ်လေးချီလို့ ပြောခဲ့တဲ့ကောင်မလေး မျက်နှာကိုကြည့်လိုက်တော့ အလို သူ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့ပါလား။

(ကိုယ်တွေ့မေးမြန်းရေးသားပါသည်) သက်ဦးနိုင်။

Credit : Thet Oo Naing