Skip to main content

ပြည်သူတွေ အတွက် ကိုဗစ်ကာလ ဓါတ်ခွဲခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ဦး ရေးလာတဲ့စာ

ဘာလိုလိုနဲ့ NHL မှာ ကူခွင့်ရတာ ၁လ ပြည့်ပြီ။ ဒီ April 1 လလုံးကို ၁ ရက်ခွဲပဲ နားလိုက်ရတယ်။ တစ်လလုံး ကြုံသမျှ တွေကလဲ အမှတ်ရစရာတွေချည်းပဲ။ အထူးသဖြင့် ဒီမှာ လူမသိပဲ ပေးဆပ်နေတဲ့ သူရဲကောင်းတွေ တကယ်ရှိတယ်။

Microbiologist တွေဖြစ်တဲ့ Dr. Zay Yar Htun ဆို အမြဲ ပြုံးပြုံးနဲ့ပဲ။ မနက်တိုင်း ၉နာရီ ရောက်လို့ကြည့်ရင် သူက Duty ဝတ်စုံနဲ့ Lab ထဲ တောင်ဝင်နေပြီ။ သူနဲ့အတူ ကြည့်လိုက်ရင် Dr. Win Mar Khaing လှုပ်လှုပ် လှုပ်လှုပ်နဲ့ မနက်၉ဆို ထမင်းတောင်မစားပဲ Lab ထဲဝင်နေပြီ။ ဘယ်ချိန်မှ ပြန်ထွက်ကြရတယ်ထင်လို့လဲ။

မနက်၉ကဝင်ရင် နောက်နေ့မနက် ၁,၂ မှ ပြန်ထွက်လာကြရတယ်။ ပြီးရင်လဲ သူတို့က Data Room မှာ Lab ID Registraion ကိုလာကူသေးတယ်။ ပြီးရင် ဒုတိယညွှန်မှုးဖြစ်တဲ့ Dr. Ohnmar Swe Tin နေ့တိုင်း လာတယ် နားရက်ကိုမရှိဘူး။



အစ်မ Ohn mar ဆီလာတဲ့ဖုန်း တွေ ဘယ်လောက်များလဲဆို သူ့ဖုန်း Ringtone က ကိုယ်တွေ အိမ်မက်ထဲပါ မက်တဲ့အထိပဲ။ Single Minute တိုင်းမှာ 2 call လောက်က ဝင်နေတာ (တစ်နိုင်ငံလုံးက ဝိုင်းဆက်နေတာကို)

နောက် Lab ထဲက Technician တွေ။ သူတို့လဲ Microbiologist တွေနည်းတူ Lab ထဲ အတူဝင်ကြရတယ်။ ပြန်ထွက်လာရင် မျက်နှာမှာ Mask အရာတွေက သွေးချည်ဥ။ ပြီးရင် မိန်းကလေးတွေဆို နေ့တိုင်း သန်းခေါင်ကြီး ခေါင်းပါလျှော်ကြရတယ်။ အဲ့အချိန်မှ လဲသူတို့ပြီးကြတာကိုး။

နောက် Dr. Zayar Tun ရဲ့ ဇနီး Dr. Jue Jue မဂျုး သူလဲ ကိုဇေကြီးနီးပါး ပင်ပန်းတယ်။ ကိုဇေကြီး Lab ထဲ ဝင်နေတဲ့ အချိန်ဆို သူက သူ့ Duty ပြီးတာနဲ့ Data Room ထဲလာကူပြီ။ အမြဲတမ်း ကိုဇေကြီးနဲ့ပဲအတူပြန်တယ် (ချစ်တာချစ်တာ)။ သူတို့ကော ဘာတွေ စွန့်လွှတ်ရလဲဆိုရင် သားသမီးအနား အတူရှိရမဲ့ အချိန်တွေ စွန့်လွှတ်ကြရတယ်။

Dr. Win Mar Khaing ဆိုလဲ ကလေးမွေးနေ့တောင် အချိန်လုရတယ်။ ကလေးအနား မရှိပေးလိုက်နိုင်ဘူး။ Dr. Jue Jue ဆိုလဲ ဒီလိုပဲ။ ကလေးကို ဖုန်းနဲ့ပဲ အမြဲ အသံလေး နားထောင်ကြရတယ်။



ဒီလိုပဲ NHL က Lab Technician တွေ အခြားသော တာဝန် ထမ်းဆောင်တဲ့ သူတွေလဲ အဲ့လိုအဖြစ်တွေချည်းပဲ။ သန့်ရှင်းရေး လုပ်ပေးတဲ့ သူတွေကအစ။ ဒါ NHL မှာ လက်ရှိ အဖြစ်အပျက်လေးတွေပေါ့။

အခု ဒီရက်ပိုင်းကလဲ Negative တွေ ထွက်တာများလာတော့ အချို့လူတွေက အရင်လို သိပ်ဂရုမစိုက်ကြတော့ဘူး။ အခုတောင် ဒီ Frontline တွေကပင်ပန်းစ ပြုနေကြပါပြီ။ အချိန်ကာလကလဲ ၁လကျော်ကြာ တောင့်ခံလာကြတာဆိုတော့ ကျနော်တို့ Data ပိုင်းကလဲ ပင်ပန်းစပြုလာပြီ။

လွန်ခဲ့တဲ့ ၂ ရက်က ကျနော်ဆို ဖျားပြီး ဆေးပါထိုးရတယ်။ ဒီရက်ပိုင်းမှာကလဲ မိုးတွေက ရွာလာပြီ။ အဲ့တော့ ဖျားနာတဲ့သူတွေလဲ ပိုပေါ်လာတော့မယ်။ Covid 19 သံသယ လူနာတွေလဲ ပိုပေါ်လာတော့မယ်ဗျ။

အဲ့တော့ ကျေးဇူးပြု၍ ဆေးဘက်ဆိုင်ရာ တွေကို သနားသောအားဖြင့် အိမ်မှာပဲ နေပေးကြပါဦးဗျာ။ အပြင် မထွက်ကြပါနဲ့ဦး။ တိုင်းပြည်ကလဲ အဲ့လောက်ထိ ချမ်းသာနေတာ မဟုတ်ဘူး။



လူတစ်ယောက်ကို Covid ရှိမရှိ စစ်ဆေးဖို့ကိုပဲ ၁ သိန်းခွဲကနေ ၇ သိန်းလောက် ကုန်ကျတာ။ ဆေးရုံမှာထားတဲ့ စရိတ် မပါသေးဘူးနော်။ ကြားထဲက လိုတာ အကုန် ဝယ်ဖြည့်ဆည်းပြီး Customer Service ပါပေးနေရတဲ့ ဆရာဝန်တွေ သူနာပြုတွေ ဝယ်ပေးနေရတဲ့အကြောင်း မပါသေးဘူး။ Sample တွေကိုပို့ဆောင်ရတဲ့ သယ်ယူ ပို့ဆောင်စရိတ်တွေ လူနာတွေကို ပို့ဆောင်ရတဲ့ သယ်ယူ ပို့ဆောင်စရိတ်တွေ မပါသေးဘူး။ ဆေးဘက်ဆိုင်ရာတွေကို Support ရတဲ့ စရိတ်တွေ မပါသေးဘူး။ ဒါတောင် အခွန်ဆောင်ထားကြလို့ ဒီလောက်လေး တောင့်ခံနိင်တာ။ လထပ်ကြာရင် တောင့်ခံနိုင်မယ်မထင်ဘူး။

အဲ့ကျရင် အခု ကျတဲ့စရိတ်တွေကို ကိုယ့်ဘာသာကိုယ်ကျခံကြရရင် ရိုးရိုးဖျားလား မဖျားလား လာမပြောနဲ့။ Covid စစ်ရမှာပဲ။ အဲ့မှာ ၁ သိန်းခွဲကနေ ၇ သိန်း Sample ပို့ဆောင်ခ ၅၀၀၀-၅သောင်း ဆေးရုံစရိတ်ကတော့ တွက်ကြည့်။

အဲ့တော့ လူတစ်ဦး က သံသယ လူနာဖြစ်တာနဲ့တင် သိန်းဂဏာန်းက ထွက်နေပြီ။ မချမ်းသာတဲ့ နိုင်ငံကြီး / ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေ / အကူတွေကို မကူညီရင် နေပါဗျာ။ ဒုက္ခတွေတော့ မပေးကြပါနဲ့။ MOHS က ညွှန်ကြားချက်တွေ လိုက်နာပေးရုံနဲ့တင် ကူညီရာ ရောက်ပါတယ်။

Dr Phone Myat Paing