Skip to main content

မေလမှ ဇွန်လအတွင်း မှတ်ပုံတင်ထားခြင်း မပြုလုပ်ထားသည့် MPT ဆင်းကတ်များကို အပြီး ပိတ်သိမ်းမည်

မေလနှင့်ဇွန်လအတွင်း အချက်အလက်မှန်ကန်စွာဖြင့် ဆင်းကတ်မှတ်ပုံတင် ခြင်း မပြုလုပ်ထားသော ဆင်းကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ MPTရုံးချုပ်မှ သိရသည်။

“MPTသုံးစွဲသူအားလုံးအနေနဲ့ ပြည့်စုံမှန်ကန်တဲ့ တရားဝင်အမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို ဖြည့်စွက်ပြီး ဆင်းကတ်မှတ်ပုံတင်ဖို့ လိုအပ်တာကြောင့် နေရာဒေသမရွေး လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့သုံးစွဲသူတွေရဲ့အိမ်ကနေလည်း မှတ်ပုံတင်လို့ရတဲ့ ရိုးရှင်းတဲ့ အွန်လိုင်းကနေ တစ်ဆင့် ပြုလုပ်လို့ရတဲ့ ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးထားပါတယ်”ဟု MPT-KSGM JO မှ Mr.Tetsunori Nagashima က ပြောသည်။

ဆင်းကတ်မှတ်ပုံတင်ခြင်းသည် ဥပဒေအရ အမှန်တကယ်လိုအပ်ပြီး ဆင်းကတ်များစွာ ကိုင်ဆောင်ထားသူများကြောင့် မိုဘိုင်းဖုန်းနံပါတ်များ ရှားပါးမှုကို ရှောင်ရှားနိုင်ရန်နှင့် ရာဇဝတ်မှုများ ကျူးလွန်ထားသော မသမာ သူများကို တားဆီးခြေရာခံနိုင်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဆက်သွယ်ရေး အော်ပရေတာများ လက်ရှိကျင့်သုံးလုပ်ဆောင်လျက်ရှိသည့် နိုင်ငံအတွက် အရေးကြီးကိစ္စတစ်ရပ်လည်း ဖြစ်သည်။

ဆက်သွယ်ရေးဝန်ဆောင်မှုများ အသုံးပြုရာတွင် မျှော်လင့်မထားသော နှောင့်ယှက်မှုများမှ ရှောင်ရှားနိုင်ရန် အတွက် အသုံးပြုသူတိုင်းသည် ဆင်းကတ်မှတ်ပုံတင်ရာ၌ တိကျသော ကိုယ်ရေးအချက်အလက်များနှင့် မှတ်ပုံတင်ရန်လည်း အရေးကြီးကြောင်း သိရသည်။



MPT ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာဖြစ်သော www.facebook.com/ mptofficialpage တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကာ *601# သို့ ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT4 U အက်ပလီကေးရှင်းမှတစ်ဆင့် (သို့မဟုတ်) MPT ၏ Customer self-care ဝက်ဘ်ဆိုက်ဖြစ်သည့် http://care.mpt.com.mm မှ လည်းကောင်း သတ်မှတ်ထားသည့် နည်းလမ်းများမှတစ်ဆင့် အခမဲ့ စာရင်းသွင်း မှတ်ပုံတင်နိုင်ပြီး ၂၀၂၀ပြည့်နှစ် မေ ၁ ရက်မှစ၍ ဆင်းကတ် နှစ်ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော ဆင်းကတ်များနှင့် အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကတ်များသည် အထွက်ဖုန်းခေါ် ဆိုခြင်း၊ SMS စာတိုပို့ခြင်းနှင့် အင်တာနက်အစရှိသော MPT ၏ ဝန်ဆောင်မှု များကို အသုံးပြုနိုင်မည်မဟုတ်ဘဲ Call Center 106 သို့ ဖုန်းခေါ်ဆိုခြင်းမှလွဲ၍ One Way Blocked အနေဖြင့် အဝင်ဖုန်းလက်ခံခြင်းကိုသာ ပြုလုပ်နိုင်မည် သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (PTD)၏ ညွှန်ကြားချက်များအရ မိုလ်ဘိုင်းဖုန်းအသုံးပြုသူတို့အနေဖြင့် မိမိတို့ဆင်းကတ်များကို ဝယ်ယူပြီးချိန် မှစ၍ မှတ်ပုံတင်ရန်လိုအပ်ပြီး MPT အနေဖြင့် ပြည့်စုံမှန်ကန်သော အချက် အလက်များဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်း မပြီးမြောက်သေးသော သုံးစွဲသူ များအား သတ်မှတ်ထားသော နောက်ဆုံးရက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်မတိုင်မီ တိကျမှန်ကန်သော ကိုယ်ရေးအချက်အလက်များဖြင့် စာရင်း သွင်းလုပ်ဆောင်ရန် အလေးအနက်ထား တိုက်တွန်းပြီးဖြစ်ကြောင်းနှင့် မေလနှင့် ဇွန်အတွင်း အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းကတ်များကို အပြီးပိတ်သိမ်းသွားရန် ထုတ်ပြန်ထားကြောင်း သိရသည်။

သန်းထိုက်

Source : Myanmaalinn