Skip to main content

ရှား‌စောင်းလက်ပတ် အပင်တွေက ရရှိနိုင်တဲ့ ဆန်းဆန်းပြားပြား အကျိုးကျေးဇူးများ

ရှားစောင်းလက်ပတ်အပင်ဆိုတာ ခြံနဲ့မြေအကျယ်ကြီးရှိမှ၊ သေသေချာချာမြေသြဇာတွေနဲ့ စိုက်မှ၊ အမြဲတမ်းပြုစုယုယမှ ရှင်သန်ကြီးထွားလာကြတာမဟုတ်ပါဘူး။ မြေအိုးလေးထဲ သူ့ရဲ့အကိုင်းလေးတစ်ကိုင်ကိုစိုက်မယ် တစ်နေ့ ၂ ခါလောက် အနည်းဆုံးရေလောင်းပေးရုံနဲ့တင်ကို ရှင်သန်ကြီးထွားလာနိုင်တာမလို့ စိုက်ရလွယ်တဲ့အပင်တွေထဲ ထိပ်ဆုံးစာရင်းမှာ ပါဝင်လို့နေပါတယ်။

လက်ရှိအချိန်မှာလည်း နေအိမ်တော်တေ်ာများများမှာ ရှားစောင်းလက်ပတ်ပင်လေးတွေ စိုက်လာကြတာတွေ့မိတဲအတွက် အိမ်မှာ ရှားစောင်းလက်ပတ်စိုက်ထားရုံနဲ့ အသုံးပြုတဲ့အခါ ရနိုင်တဲ့ ဆန်းဆန်းပြားပြားအကျိုးကျေးဇူးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

အိမ်အတွက် အသုံးဝင်ပုံ

(၁) ရှားစောင်းလက်ပတ်အပင်လေးတွေဟာ အပူချိန်ကို တခြားအပင်တွေထက်ပိုစုတ်ယူနိုင်ပါတယ်တဲ့။ ဒါကြောင့် အခုလို ရာသီဥတုပူတဲ့အခါမျိုးကျရင် အိမ်ပတ်ပတ်လည်မှာ ရှားစောင်းလက်ပတ်အပင်လေးတွေကို အိုးခွဲစိုက်ပေးခြင်းအားဖြင့် အိမ်ထဲအပူချိန်သက်သာလာနိုင်ပါတယ်။

(၂) ၂၀၁၄ ခုနှစ်ရဲ့ Cambridge University Press ဆောင်းပါးအရ သုတေသီတွေဟာ ခရမ်းချဉ်သီးကို ရှားစောင်းလက်ပတ်အနှစ်တွေသုတ်လိမ်းပြီး ရက်တန်ကြာထားခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ခရမ်းချဉ်သီးဟာ ပုတ်ရမယ့်အချိန်ရောက်တာတောင် မပုတ်သွားဘဲ လတ်လတ်ဆတ်ဆတ်ရှိနေတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် မီးဖိုချောင်အတွက်လည်း ရှားစောင်းလက်ပတ်ဟာ အလွန်အသုံးဝင်တယ်ဆိုတာ သိသွားခဲ့ပါတယ်။

ကျန်းမာရေးအတွက်ကောင်းကျိုးများ

(၁) အပူလောင်တဲ့အခါမျိုးမှာ ရှားစောင်းလက်ပတ်ရဲ့အနှစ်ကို တစ်နေ့သုံးကြိမ်လိမ်းပေးရင် သဘာဝအတိုင်း မြန်မမြန်ဆန်ဆန်နဲ့ အနာကျက်နိုင်ပါတယ်။

(၂) ဒီအပြင်နေလောင်လို့ဖြစ်တဲ့ နေလေင်ကွက်တွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။

(၃) Evidence-Based Complementary နဲ့ Alternative Medicine တို့ရဲ့လေ့လာမှုတစ်ခုအရ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ aloe emodin ဆိုတာဟာ ရင်သားကင်ဆာဖြစ်တဲ့ရာခိုင်နှုန်းကို လျော့ကျစေပါတယ်တဲ့။

(၄) နောက်ထပ်တွေ့ရှိချက်တစ်ခုကတော့ နိုက်ဂျီးရီယားမှ သုတေသီတွေရှာတွေ့ခဲ့တဲ့ အချက်တစ်ချက်ပါ။ ရှားစောင်းလက်ပတ်ပင်တွေဟာ သဘာဝကပေးတဲ့ အရိုးတွေသန်မာကြံ့ခိုင်ဖို့ အားဆေးပါပဲတဲ့။ Health Line မှ ကိုးကားဖော်ပြပေးထားတာပါ။

(၅) သွေးတွင်းသကြားဓာတ်ကိုလည်း ရှော့ချပေးတယ်ဆိုပြီး Phytomedicine: International Journal of Phytotherapy and Phytopharmacy ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။

(၆) ဒီအပြင် အီသီယိုးပီးယားမှ သုတေသီများကတော့ ရှားစောင်းလက်ပတ်ဟာ သဘာဝကပေးတဲ့ ပါးစပ်ဆေးရည် (ပလုတ်ကျင်းဆေး)ပါပဲတဲ့။ အပင်မှာပါတဲ့ vitamin C တွေကြောင့် သွားဖုံးတွေယောင်ယမ်းပြီး သွေးယိုတာတွေကို သက်သာစေတာပါ။

(၇) ပြတ်ရှရာသေးသေးလေးတွေအတွက်ဆိုရင်လည်း ရှားစောင်းလက်ပတ်အနှစ်ကို အုံထားလိုက်ရင် ပျော်ကင်းသက်သာစေတယ်လို့ Hindawi BioMed Research International ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။

ဆံသားအတွက်ကောင်းကျိုးများ

(၁) ရှားစောင်းလတ်ပက်ဟာ ရေဓာတ်အပြည့်အဝပါဝင်နေတာမလို့ ခေါင်းမလျှော်ခင် ကြိုလိမ်းထားခြင်းကြောင့် ဆံသားနူးညံ့ခြင်း၊ ဆံပင်ကျွတ်သက်သာစေခြင်းတွေကို လုပ်ဆောင်ပေးပါတယ်။

(၂) ဦးရေပြားကိုလည်း ခေါင်းမလျှော်ခင် ရှားစောင်းလက်ပတ်အနှစ်နဲ့ နှိပ်နယ်ပေးပါကလည်း ဗောက်ဖြစ်ခြင်းကို သက်သာစေပြီး ဦးရေပြားကို အစိုဓာတ်ဖြည့်ဆည်းပေးမှာပါ။

(3) မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးများ သန်စွမ်းအောင်လည်း အိပ်ယာဝင်တိုင်း သုတ်လိမ်းထားလို့ရပါတယ်။

အသားအရေအတွက် ကောင်းကျိုးများ

(၁) ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် ရေဓာတ်နည်းလို့ပဲဖြစ်ဖြစ် အသားခြောက်ခြင်းအမျိုးမျိုးကိုလည်း ရှားစောင်းလက်ပတ်အနှစ်လိမ်းအုံခြင်းဖြင့် ကုသနိုင်ပါတယ်။

(၂) ရှားစောင်းလက်ပတ်မှာ ယောင်ယမ်းမှုတွေကိုလျော့ကျစေပြီး ပိုးသတ်ပေးတဲ့ အာနိသင်ပါဝင်တဲ့အတွက်ကြောင့် ဝက်ခြံတွေယောင်ယမ်းနေရင်၊ နီရဲနေရင်လည်း အနှစ်လေးကိုတို့၊ အုံထားနိုင်ပါတယ်။ တစ်နေ့ သုံးခါလောက်ပြုလုပ်ပေးပါ။

(၃) ထိလွယ်ရှလွယ်တဲ့အသားအရေပိုင်ရှင်များ (sensitive skin) အတွက် ရှားစောင်းလက်ပတ်ဟာ သဘာဝ makeup remover အဖြစ် ရှိနေပါတယ်။

(၄) ဒီအပြင် ရှားစောင်းလက်ပတ်အနှစ်ထူထူဟာ ခြေသလုံးမွှေးလို အမွှေးတွေရိတ်တဲ့အခါ shaving cream အနေနဲ့ အသုံးပြုနိုင်ပါတယ်။

(၅) ဖနေင့်ကွဲခြင်းတွေကိုလည်း ရှားစောင်းလက်ပတ်က အထိရောက်ဆံး ကူညီပေးနိုင်ပါတယ်။ အနှစ်ခပ်ထူထူသုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။

(၆) ချွေးပေါက်တွေကိုသန့်စင်ပေးတဲ့ skin exfoliator အနေနဲ့လည်း သုံးနိုင်ပါတယ်။

(၇) သဘာဝမျက်နှာပေါင်းတင်နိုင်တဲ့အရာလည်း ဖြစ်တယ်။

Credit : Penny