Skip to main content

ဝါတွင်းကာလ ပွဲတွေ့ ချမ်းသာအောင် ဓာတ်ရှင် လေးပါး ကို ပူဇော် နည်း

အဘ မင်းသိင်္ခလမ်းညွှန်ပေးခဲ့သည့် မုချကြီးပွားတိုးတက် အောင်မြင်ချမ်းသာစေသော ဝါတွင်းကာလ ပွဲတွေ့ချမ်းသာ ဓာတ်ရှင်လေးပါးပူဇော်နည်း။

(က) စတင်ပူဇော်ရမည့်နေ့ – ဒုတိယဝါဆိုလပြည့်နေ့ (၃ – ၈ -၂၀၂၀ တနင်္လာနေ့)

(ခ) နောက်ဆုံးပူဇော်ရမည့်နေ့ – သီတင်းကျွတ်လပြည့်နေ့ (၃၁ . ၁၀ . ၂၀၂၀) (နေ့စဉ်ပူဇော်ရန်)

(ဂ) ပူဇော်ရမည့်အချိန်နာရီ – နံနက်ငါးနာရီခန့် (အရုဏ်ဆွမ်း)

အတိအကျပြုလုပ်လိုပါမူ အောက်ပါနာရီအတိုင်း ပြုလုပ်ပါလေ။

ဝါဆိုလအတွင်း နံက် ၅း၃၀ နာရီ

ဝါခေါင်လ နံက် ၅း၄၀ နာရီ

တော်သလင်းလ နံက် ၅း၅၀ နာရီ

သီတင်းကျွတ်လ နံက် ၆း၀၀ နာရီ

(ဃ) ပူဇော်ရမည့်ပစ္စည်း

နို့ဆွမ်း (၄)ပွဲ

သောက်တော်ရေ (၄)ခွက်

ဖယောင်းတိုင် (၄)တိုင်

ယပ် (၄)လက်

ယပ်များမှာ – ရှင်သက္ကောသာရ – အရှေ့အရပ် အတွက် အဖြူရောင် ယပ်၊

ရှင်မေဓရ – အနောက်အရပ်အတွက် အဝါရောင်ယပ်၊

ရှင်ဥပဂုတ္တ – တောင်အရပ်အတွက် အစိမ်းရောင်ယပ်၊

ရှင်သာရဒတ္ထ – မြောက်အရပ်အတွက် အပြာရောင်ယပ်

( ယပ်များကို ရောင်စုံစက္ကူများဖြင့် ကိုယ်တိုင်လုပ်လျှင်လည်း ရပါသည်။ ဝယ်ယူအသုံးပြုလျှင်လည်းရပါသည်။)

(င) ပူဇော်ပြီးဆုတောင်းရမည့်ပုံစံ

တပည့်တော်/ တပည့်တော်မ (……..) နေ့သားသမီးသည် သမုဒ္ဒရာလေးစင်းတွင် သီတင်း သုံးနေတော်မူကြသော ရဟန္တာ အရှင်မြတ်ကြီးလေးပါးအား ဓာတ်ကြီးလေးပါးကို ရည်ရွယ်၍ ပထဝီဓာတ်အတွက် နို့ဆွမ်း၊ တေဇောဓာတ်အတွက် အလင်းတိုင်၊ ဝါယောဓာတ်အတွက် ယပ်တော်၊ အာပေါဓာတ်အတွက် သောက်တော်ရေတို့ကို စေတနာညွတ်နူး အထူးကပ်လှူ ပူဇော်ခဲ့ပါသည် အရှင် ဘုရားတို့

အရှင်ဘုရားတို့၏ ဘုန်းတန်ခိုးတေဇော် အာနုဘော်ကြောင့် လာမည့် သီတင်းကျွတ် လပြည့်နေ့ကို နောက်ဆုံးထား၍ လောကီအကျိုး စီးပွားချမ်းသာ ကြွယ်ဝခြင်းကို အမှန်တကယ် လိုချင် ပါသည်ဘုရား။

ထိုဆုကို ပြည့်လိုကြောင်း ဆုတောင်းပါသည် ဘုရား။ အိုးအိမ် ယာဉ်ရထား ၊ အဝတ်တန်ဆာ၊ စိန်ရွှေငွေ ရတနာတို့သည် တပည့်တော်ထံသို့ ရောက်လာပါစေသတည်း။ ( မိမိအလိုရှိသောဆုတောင်းများကိုလည်း ထပ်မံဖြည့်တင်း၍ စိတ်တိုင်းကျဆုတောင်းနိုင်ပါသည် )

ဤအတိုင်း လေးလေးနက်နက် ရွတ်ဆိုပါ… ။

(စ) ပူဇော်ပြီးဆွမ်းတော်စွန့်ရမည့်ပုံစံ

သတင်းစာ စက္ကူအရွယ် စက္ကူကြီးကြီးပေါ်တွင် ကြက်ခြေခတ်၍ ကြီးလေးကြီးရေးပြီး အစဉ်အတိုင်း အရှေ့ အနောက် တောင် မြောက် ဆွမ်းတော်ပွဲများကို စက္ကူပေါ်တွင် စွန့်ပါ။ ယပ်များကို အစဉ်အတိုင်း စိုက်ပါ။

ရေကိုလည်း အစီအစဉ်အတိုင်း မြေကြီးပေါ်တွင် လောင်းပါ။ ထိုသောက်တော်ရေများမှ ရေအချို့ကိုပုလင်းဖြင့် ယူထားပါ။ ထိုရေဖြင့် မျက်နှာသစ်ခြင်း ၊ ခေါင်းကို ဆွတ်ဖျန်းခြင်း၊ သောက်ခြင်း ပြုလုပ်ပါ။ အန္တရာယ်ရှိသူများ အနာရောဂါ ကျရောက်သူများကိုလည်း ထိုရေကို ဆေးအဖြစ်ပေးပါ။

(ဆ) ညပိုင်းတွင်ကြိုတင်လျှောက်ထားရန်

ညအိပ်ယာ ဝင်ခါနီးတွင် အောက်ပါအတိုင်း ရွတ်ဆို လျှောက်ထား၍ ရဟန္တာအရှင်မြတ်ကြီးများအား ပင့်ပါ။

အရှေ့သမုဒ္ဒရာတွင် သီတင်းသုံးနေတော်မူသော ဘုန်းတော် အလွန်ကြီးမြတ်သော အရှင်သက္ကောသာရ ရဟန္တာ အရှင်မြတ်ကြီးဘုရား

အနောက်သမုဒ္ဒရာတွင် သီတင်းသုံးနေတော်မူသော ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော အရှင်မေဓရ ရဟန္တာ အရှင်မြတ်ကြီးဘုရား

တောင်သမုဒ္ဒရာတွင် သီတင်းသုံးနေတော်မူသော ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော အရှင်ဥပဂုတ် ရဟန္တာ အရှင်မြတ်ကြီးဘုရား

မြောက်သမုဒ္ဒရာတွင် သီတင်းသုံးနေတော်မူသော ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော အရှင်သာရဒတ္တ ရဟန္တာ အရှင်မြတ်ကြီးဘုရား

နက်ဖြန်နံနက် အရုဏ်တက်ချိန်တွင် ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း မြန်မာတိုင်းဌာန ၊ အထက်အညာ / အောက်အကြေ အရပ်တွင်ရှိသော တပည့်တော် / တပည့်တော်မ

ဦး…… ဒေါ် …… တို့၏ နေအိမ်ဂေဟာ(လိပ်စာ) တွင် အရှင်မြတ်ဘုရားတို့အား ဓာတ်လေးပါးဆွမ်း ကပ်လှူမည် ဖြစ်ပါသောကြောင့် နဖူးမြေစိုက် ဦးခိုက်၍ ဖိတ်ကြားအပ်ပါသည် အရှင်မြတ်ဘုရားတို့…..။

တပည့်တော်အား အစဉ်သနားသည်ကို အကြောင်းပြု၍ ကြွရောက် ဘုဉ်းပေးတော်မူကြ အရှင်မြတ်ဘုရားတို့……

အထက်ပါအတိုင်း ပင့်လျှောက်သောအခါ၌ ဆွမ်းကပ်မည့် စားပွဲအလယ်တည့်တည့်၌ ဖယောင်းတိုင် တစ်တိုင်ထွန်း၍ လျှောက်ထားပင့်ဖိတ်ရမည်။ ထိုသို့ ပြုလုပ်ပြီးနောက် …….

အကျွန်ုပ်၏ နေအိမ်တွင် နက်ဖြန်နံနက် အရုဏ်တက်၌ ထူးခြားမွန်မြတ်သော ဓာတ်ကြီးလေးပါး အရုဏ်ဆွမ်းကို ရဟန္တာအရှင်မြတ်ကြီး လေးပါးအား ကပ်လှူ ပူဇော်မည်ဖြစ်သောကြောင့် ဘိုးတော်သိကြား၊ သာသနာစောင့် နတ်မင်းကြီးလေးပါး ၊

သမ္မာဒေဝနတ်အပေါင်း၊ အတွင်း (၃၇)မင်း၊ အပြင် (၃၇)မင်း၊ အိမ်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ လမ်းစောင့်နတ်တို့ သာမက ကမ္ဘာအရပ်ရပ်တွင် ရှိသော သိုက်နန်းရှင်အပေါင်းတို့အား

ကျွန်ပ်၏ နေအိမ်တွင် ရဟန္တာကြီးများကို ကပ်လှူမည့် ဓာတ်ကြီးလေးပါး အလှူကြီးတွင် ရဟန္တာကြီးများကို ကြည်ညိုရန် ကြွရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။ ရဟန္တာကြီးများ ဆွမ်းဘုဉ်းပေး သည့်အထိ ကြည်ညိုပြီး

မိမိတို့နေရာ ဌာန အသီးသီးသို့ ပြန်လည် ကြွမြန်းကြပါကုန်…..၊ ဤအလှူကြီးအား ဝါတွင်းလေးလပတ်လုံး ပြုလုပ်မည် ဖြစ်ပါ၍ ဝါတွင်း ကာလပတ်လုံး ဖိတ်ကြားအပ်ပါသည်…… ဟု ပုဂ္ဂိုလ်အသီးသီးကို ပင့်ဖိတ်ရပါမည်။

(င) တွင်ဖော်ပြထားသည့်အတိုင်း ဆုတောင်းရန်

တပည့်တော်/ တပည့်တော်မ (……..) နေ့သားသမီးသည် သမုဒ္ဒရာလေးစင်းတွင် သီတင်း သုံးနေတော်မူကြသော ရဟန္တာ အရှင်မြတ်ကြီးလေးပါးအား ဓာတ်ကြီးလေးပါးကို ရည်ရွယ်၍

ပထဝီဓာတ်အတွက် နို့ဆွမ်း၊ တေဇောဓာတ်အတွက် အလင်းတိုင်၊ ဝါယောဓာတ်အတွက် ယပ်တော်၊ အာပေါဓာတ်အတွက် သောက်တော်ရေတို့ကို စေတနာညွတ်နူး အထူးကပ်လှူ ပူဇော်ခဲ့ပါသည် အရှင် ဘုရားတို့

အရှင်ဘုရားတို့၏ ဘုန်းတန်ခိုးတေဇော် အာနုဘော်ကြောင့် လာမည့် သီတင်းကျွတ် လပြည့်နေ့ကို နောက်ဆုံးထား၍ လောကီအကျိုး စီးပွားချမ်းသာ ကြွယ်ဝခြင်းကို အမှန်တကယ် လိုချင် ပါသည်ဘုရား။

ထိုဆုကို ပြည့်လိုကြောင်း ဆုတောင်းပါသည် ဘုရား။ အိုးအိမ် ယာဉ်ရထား ၊ အဝတ်တန်ဆာ၊ စိန်ရွှေငွေ ရတနာတို့သည် တပည့်တော်ထံသို့ ရောက်လာပါစေသတည်း။ ( မိမိအလိုရှိသောဆုတောင်းများကိုလည်း ထပ်မံဖြည့်တင်း၍ စိတ်တိုင်းကျဆုတောင်းနိုင်ပါသည် )

ဤအတိုင်း လေးလေးနက်နက် ရွတ်ဆိုပါ… ။

ဤဖော်ပြချက်အတိုင်း တစ်သေ၀ မတိမ်း၊ လှေနံဓားထစ် ပြုလုပ်ပါ။ မုချ ကြီးပွားချမ်းသာလိမ့်မည်။ မင်းသိင်္ခ မဟာဂန္ဓာရီခရီး ခေတ္တ-အောင်မင်းခေါင်ရိပ်သာ စကားဝါချောင်၊ ပုပ္ပါး

မှတ်ချက်။ ။ ရဟန္တာအရှင်မြတ်လေးပါးကို ပူဇော်သည်ဟု ဆိုရာ၌ မြတ်စွာဘုရားမှာမူ အမှုးပြုလျှက် ပါရှိပြီး ဖြစ်ကြောင်းကို သတိမူပါလေ…။

ထို့ကြောင့် ဆွမ်းကပ်သောအခါ ဘုရားကျောင်းဆောင်တွင်လည်း ထိုဓာတ်ကြီးလေးပါး ဆွမ်းကို မြတ်စွာဘုရားအား လှူဒါန်း ပူဇော်ထားရပါမည်။ မြတ်စွာဘုရားတွင် ယပ်အနီရောင် လှူဒါန်းရန်ဖြစ်ပါသည်။ ( ဆရာဇင်ယော်နီမှတ်တမ်းတင်သည်)

မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော မင်းသိမ်းခိုင် ( ရွှေရမ်းထူးလင်း )