Skip to main content

မင်းကွန်း ခြ‌င်္သေ့ကြီးအနီး မြေလိုင်းကျင်း တူးရာမှ နှစ်ပေါင်း ၂၀၀ ကျော်အကြာ မြေမြုပ်နေသော ခြ‌င်္သေ့ရုပ်တု အစွယ် နှစ်ချောင်းအား ပြန်လည်တွေ့ရှိ

မင်းကွန်း ခြ‌င်္သေ့ကြီးအနီး မြေလိုင်းကျင်း တူးရာမှ နှစ်ပေါင်း ၂၀၀ ကျော်အကြာ မြေမြုပ်နေသော ခြ‌င်္သေ့ရုပ်တု အစွယ် နှစ်ချောင်းအား ပြန်လည်တွေ့ရှိ

စစ်ကိုင်း၊သြဂုတ် ၂၀

စစ်ကိုင်းမြို့နယ်၊မင်းကွန်း ယဉ်ကျေးမှုဒေသရှိ၊ မင်းကွန်းခြ‌င်္သေ့ ကြီးအနီး သြဂုတ်လ ၁၉ရက်နေ့က မြေလိုင်းကျင်းတူးရာမှ နှစ်ပေါင်း ၂၀၀ကျော်ကြာ မြေမြုပ်ပျောက်ကွယ်နေသည့် မင်းကွန်းသမိုင်းဝင် ခြင်္သေ့ရုပ်ထုကြီးများ၏အစွယ် နှစ်ချောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။



"ခရီးသွားအဝင်အထွက် အသွားအလာ လုံးဝမရှိတော့ ကိုဗစ်ကာလမှာ ဈေးဆိုင်အားလုံးပိတ်ထားကြရတယ်။ကိုဗစ် အလွန် နိုင်ငံခြားသားဧည့်သည်တွေဝင်လာရင် ဆိုင်ခန်းတွေစနစ်တကျဖွင့်နိုင်အောင် မင်းကွန်းလေးဋ္ဌာနဆရာတော်များဦးစီးပြီး ခြင်္သေ့ကြီးတွေရှိရာဝန်းအတွင်းအနောက်တောင်ထောင့်နေရာမှာ ပြန်ဆောက်ဖို့ လိုင်းကျင်းတူးတာပါ။လိုင်းကျင်းအနက် တစ်ပေခွဲလောက်မှာ စကျင်ကျောက်သားနဲ့ပြုလုပ်ထားတဲ့ ရှေးဟောင်း ခြင်္သေကြီးတွေရဲ့အစွယ် နှစ်ချောင်းမမျှော်လင့်ဘဲတူးဖော်တွေ့ရှိတာပါ " ဟု မင်းကွန်း ခြင်္သေ့ကြီး တောင်ဘက်ရှိ မင်းကွန်းအနုပညာပြခန်းမှ ပန်းချီဆရာကိုစုက ပြောကြားသည်။



တူးဖော်တွေ့ရှိရည့် ခြင်္သေ့ရုပ်ထုများ၏အစွယ်များမှ အရှည် ၆၉ လက်မ၊လုံးပတ် အရင်း ၆၅ လက်မ၊အလယ် ၆၅ လက်မ၊အဖျား အတွင်း/အရင်းနေရာ ၂၀ လက်မနှင့် အချွန်းနေရာ ၁၆ လက်မ၊အချင်း ၃ပေရှိပြီး ခန့်မှန်း အလေးချိန်ပိဿ (၁၀၀၀)ခန့်ရှိကြောင်း သိရပြီတူးဖော် တွေ့ရှိခဲ့သော စကျင်ကျောက်သားခြင်္သေ့ရုပ်ထအစွယ်များကို လက်ရှိ ခြင်္သေ့ကြီး နှစ်ကောင်အနီးခုံပေါ်တွင် ယာယီထားရှိပြီး မင်းကွန်းလေးဋ္ဌာနဆရာတော်များမှ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်းသိရသည်။



အမရပူရ ပထမ မြို့တည် ဘိုးတော်ဘုရားသည်(၁၁၅၂) ခုနှစ်တွင် စစ်ကိုင်းမြို့နယ် မင်းကွန်းယဉ်ကျေးမှုဒေသ၌ မင်းကွန်းပုထိုးတော်ကြီး၊မင်းကွန်းခေါင်းလောင်းကြီး၊ခြင်္သေ့ကြီးနှစ်ကောင်နှင့် စစ်ကိုင်း -မင်းကွန်းသွားလမ်း ရွှေကြက်ထောင့်ကျေးရွာတွင် ကြက်ထောင့်ကန်ကြီးအား တည်ထားခဲ့ပြီး မင်းကွန်းခြင်္သေ့ရုပ်ထုနှစ်ကောင်မှာ ရှေးခေတ်အုတ်ချပ်ရေ ရှစ်သိန်းအကုန်အကျခံတည်ခဲ့‌ကြောင်း၊ အမြင့်ပေ ၉၅ပေရှိကြောင်း၊ ၁၂၀၀ ပြည့်နှစ်ကလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ခြင်္သေ့ကြီး နှစ်ကောင် ရှေ့ပိုင်းကိုယ်များပြိုကျပျက်စီး မြေခခဲ့ရကြောင်းသမိုင်းမှတ်တမ်းများအရ သိရသည်။

ဓာတ်ပုံ- ကိုစု (မင်းကွန်း)

Source : ဇေယျာတိုင်းမ်