Skip to main content

အံဆုံးသွားတွေက ပေးသော ဒုက္ခများ

ဒီနေ့တော့ လူတော်တော်များများကိုရော ဆရာဝန်တွေကိုရော ဒုက္ခပေးတတ်တဲ့ အံဆုံးတွေ အကြောင်းပြောကြရအောင် ။ အမျိုးတို့ရော အံဆုံးပေါက်ပြီလား။ အံဆုံးပေါက်ပြီဆိုရင် နာချက်က မအိပ်နိုင်မစားနိုင်တွေလည်းဖြစ်ဖူးကြမှာပေါ့ ။ ကျွန်တော်တို့ ဆရာဝန်တွေလည်း ဒီအံဆုံးကိုများ နူတ်လိုက်ရလို့ကတော့ နဖူးကချွေး ခြေမကျရော တစ်ချို့သွားတွေ နူတ်တဲ့အခါများ အားသုံးရလွန်းလို့ သုံးရက်လောက်လက်မောင်းကြောတွေ အောင့်နေတတ်တယ် ။

အံဆုံး ဘယ်အရွယ်မှာစပေါက်သလဲ

ယေဘုယျအားဖြင့် အသက် ၁၇ ကနေ ၂၁ နှစ်ကြားမှာ အံဆုံးပေါက်တယ် ။ ဒါပေမယ့် အံဆုံးတွေက တော်တော်ဂွတီးဂွကျနိုင်တဲ့ သွားတွေလို့ပြောလို့ရတယ်ဗျ ။ တချို့လည်း အသက် (၄၀) လောက်မှ အံဆုံးက ပေါက်ချင်ပေါက်လာတာမျိုးဗျာ ။ ကံကောင်းတဲ့ သူတွေများကျတော့လည်း အံဆုံးပေါက်တာကို သိတောင်သိလိုက်ကြတာ မဟုတ်ဘူး ။ လူတော်တော်များများကတော့ အံဆုံးပေါက်တဲ့အချိန် ရက်ရက်စက်စက်နာကြပါတယ် ။ အင်္ဂလိပ်လို အံဆုံးကို Wisdom Tooth လို့ခေါ်တယ် ။ ဒီသွားပေါက်တဲ့အချိန်က ပညာတွေစုံတဲ့အရွယ်မို့နဲ့တူပါရဲ့ ။

ကဲ အံဆုံးအကြောင်းအစပျိုးနေတာ များပြီဆိုတော့ အံဆုံးက ကျွန်တော်တို့ကို ဘယ်လိုတွေဒုက္ခပေးမလဲဆိုတာ ကြည့်လိုက်ကြရအောင် ။



အံဆုံး စောင်း၍ထွက်လာခြင်း ။

အံဆုံးက တည့်တည့်ထွက်မလာပဲ စောင်းပြီး ကန့်လန့်ကြီး ထွက်လာခဲ့မယ်ဆိုရင် အဲ့ဒီ အနီးနားတစ်ဝိုက်မှာ သန့်ရှင်းရေးမကောင်းတော့ဘူး ။ သန့်ရှင်းရေးလုပ်ရခက်တာကြောင့် အစာတွေပိုခိုအောင်းနိုင်ပြီး အံဆုံးနဲ့ ကပ်လျက်သွားကို သွားပိုးစားဖို့ အခွင့်အရေးပိုများလာပါတယ် ။ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ပြီး အံဆုံး အနီးနားတဝိုက် သွားဖုံးတွေ ရောင်ခြင်း၊ ပြည်တည်ခြင်း၊ မျက်နှာတခြမ်းရောင်ရမ်းခြငိးများ ဖြစ်နိုင်ပါတယ် ။ နာတာလည်း တော်တော်နာလာမယ် ။ ပါးစပ်ဟရတာလည်း ခက်ခဲလာမှာဖြစ်ပါတယ် ။ အခြေအနေဆိုးရင် ရက်အနည်းငယ်အတွင်း နေမကောင်းတာအထိပါဖြစ်တတ်ပါတယ် ။ အံဆုံးပေါက်တဲ့အချိန်မှာ ညီညီညာညာ တဖြောင့်တည်းထွက်လာတဲ့ အံဆုံးတွေဆိုရင်တော့ ကျွန်တော်တို့ကို ဘာဒုက္ခမှပေးမှာမဟုတ်ပါဘူး ။



အပြည့်ဝပေါက်သော အံဆုံးများ ။

အံဆုံးက အပြည့်အဝထွက်မလာတဲ့အခါ မြင်ရတာက သွားကတစ်ဝက် သွားဖုံးကလည်းတဝက်တပျက်နဲ့ပေါ့ ။ ထပ်လည်း ပေါက်မလာတော့ဘူး ။ ဒီတော့ အစာတွေက သွားဖုံးကြားထဲဝင်... သွားဖုံးတွေကရောင် ...အဲ့ဒီသွားဖုံးကို အပေါ်သွားနဲ့ ကိုက်မိပြီး တော်တော်တိုင်ပတ်တယ် ။ ဘာပဲဝါးဝါး ကိုယ့်သွားဖုံးကိုကိုက်မိနေတော့ နာပြီးတော့ ဘာမှ စားလို့မရတော့ဘူး ။ နောက်အခြေအနေတစ်ခုဖြစ်နိုင်သေးတာက သွားကတော့ထွက်လာပါရဲ့ ။ ပုတိုတိုနဲ့ထပ်ထွက်မလာတော့ ရှေ့ကကပ်လျက်သွားနဲ့ အံဆုံးကြားထဲမှာ လှေကားထစ်လို့ တစ်ဆင့်ကျကြီးဖြစ်ပြီး သန့်ရှင်းဖို့တော်တော်မလွယ်ကူတော့တဲ့အခြေအနေပါ ။ မြင်အောင်ပြောပြရရင် အံဆုံးက အရပ်ပုနေမယ် အရှေ့ကသွားက ပိုရှည်နေမယ် ။ ဒီတော့ သွားတိုက်တဲ့အခါ သန့်ရှင်းရေးအားနည်းပြီး အံဆုံးနေရာမှာ အစာကြွင်းအစာကျန်တွေ ကျန်ပါများတဲ့အခါ အပေါ်မှာပြောထားသလိုပဲ ပိုးဝင်ပါမယ် ။

ဒီအခြေအနေနှစ်ခုလုံးမှာ နာခြင်း၊ သွားဖုံးပြည်တည်ခြင်း၊ လည်ပင်းကြောများရောင်ခြင်း၊ မျက်နှာရောင်ခြင်း၊ မေးရိုးကြီးခိုင်လာပြီး ပါးစပ်ဟရခက်ခြင်း၊ ဖျားခြင်း စသဖြင့် ဒုက္ခများခံစားရမှာဖြစ်ပါတယ်။



အံဆုံးအတွက် မေးရိုးတွင် ပေါက်စရာနေရာမရှိတော့ခြင်း ။

ဒီအခြေအနေက တွေ့ရတာ များပါတယ် ။ ဒီတော့ ပေါက်စရာနေရာမရှိတော့ သူလည်းထွက်ချင်တဲ့နေရာက ထွက်လာရော ။ အဲ့ဒီ မြုတ်နေတဲ့ အံဆုံးကြီးပေါက်လာတဲ့အခါ စောင်းကန်းကန်းနဲ့ တခြားကပ်လျက်သွားတွေကိုလည်း ပျက်စီးစေပါတယ်။ လူကိုလည်း အသေအကြေနာကျင်စေပါတယ် ။ သူတို့ပေါက်တဲ့အရှိန်ကြောင့် တချို့လူတွေမှာ ရှေ့သွားတွေ ခေါ/ထပ်စေတာတွေ ဖြစ်စေပါသတဲ့ ။



မြုတ်နေတဲ့အံဆုံးများ ။

တချို့လူတွေမှာလည်း အံဆုံးတွေမပေါက်သေးဘူးဆိုတာ ​မေးရိုးထဲမှာ မြုတ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ် ။ ကံဆိုးရင် မြုတ်နေတဲ့ အံဆုံးဟာ မေးရိုးထဲမှာ အရည်အိတ်လေးဖြစ်လာစေတယ် ။ အဲ့အရည်အိတ်ဟာ အနီးနားတဝိုက်က သွားတွေရဲ့အမြစ်တွေကိုပျက်စီးစေပါတယ် ။ အရည်အိတ်ကြောင့် မေးရိုးဟာ တဖြည်းဖြည်း ပါးလာပြီး မေးရိုးကိုလည်း ပျက်စီးစေပါတယ် ။ အရည်အိတ်ကြောင့့် သွားတွေလှုပ်လာတာ နဲ့လာတာ မေးရိုးကျိုးတာတို့လည်း ဖြစ်နိုင်ပါတယ် ။





ဒါကြောင့်ကျွန်တော်တို့မှာ အံဆုံးတွေ မပေါက်သေးဘူးဆိုရင်တောင် ဓာတ်မှန်ရိုက်ကြည့်သင့်ကြောင်း အမြဲစောင့်ကြည့်သင့်ကြောင်းလည်း တစ်ခါတည်း ပြောပါရစေ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

ဒေါက်တာ မျိုးမြင့်အောင်