Skip to main content

သွားလေးတွေ ဆွတ်ဆွတ် ဖြူလာစေမည့် အလွယ်ကူဆုံး နည်းလမ်း (၅) မျိုး

သွားလေးတွေ ညီပြီး လှမနေရင်တောင်မှ ဆွတ်ဆွတ်ဖြူနေချင်ကြမှာ လူတိုင်းရဲ့ ဆန္ဒပါနော်.။ ဒါကြောင့်မို့လို့လည်း ဒီခေတ်ကြီးမှာ ငွေကုန်ကြေးကျ အများကြီးခံပြီး သွားလေးတွေ ဖြူအောင် ကြိုးစားနေကြတာပါ။ ငွေအများကြီးမကုန် အချိန်အများကြီးမပေးရဘဲ သွားလေးတွေ ဖြူဝင်းသွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပြီနော်။

နနွင်းမှုန့်နဲ့ အုန်းဆီ

လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် နနွင်းမှုန့်ကို ခွက်အလွတ် တစ်လုံးထဲ ထည့်ပါ။ ပြီးရင် အုန်းဆီ အစက် သုံးစက်လောက်ချပြီး သင်အသုံးပြုနေကျ သွားပွတ်တံနဲ့ သမအောင်မွှေပြီး နေ့စဉ် တိုက်ပေးမယ်ဆိုရင် သွားရဲ့ ကြွေလွှာတွေ တောက်ပြောင် သွားမှာဖြစ်ပြီး ခံတွင်း အနံ့ဆိုးထွက်ခြင်းမှလည်း ကင်းဝေးစေမှာ ဖြစ်ပါတယ်။

စတော်ဘယ်ရီ အနှစ်

လတ်ဆတ်တဲ့ သဘာဝစတော်ဘယ်ရီ ၅ လုံးလောက်ကို ကြိတ်ချေပြီး ဆားအနည်းငယ် ရောကာ ၁၅ မိနစ်လောက်ထားပြီး အဲ့ဒါနဲ့ သွားကို ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ချက်ချင်း ပလုပ်မကျင်းပဲ ၅ မိနစ်လောက်ထားပြီးမှ ပလုပ်ကျင်းရမှာ ဖြစ်ပါတယ်။ ၂ ပတ်ကို တကြိမ် ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် ဖြူဖွေးဝင်းလက်တဲ့ သွားတွေကို ပိုင်ဆိုင်လာမှာပဲ ဖြစ်ပါတယ်။

သန့်စင်ထားသော မီးသွေးမှုန့်

သန့်စင်ထားတဲ့မီးသွေးမှုန့်ကို ရေအနည်းငယ် ရောပြီး သွားကို ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ ၃ မိနစ်လောက်ကြာမှ ပလုပ်ကျင်းပေးရမှာဖြစ်ပြီး တပတ်မှာ အနည်းဆုံး ၂ ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် သွားများ ဖြူဖွေးတောက်ပလာမှာ ဖြစ်ပါတယ်။

ငှက်ပျောခွံ

ငှက်ပျောခွံဟာ သွားကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး သွားဝါကျင်တာ၊ ဂျိုးတက်တာ၊ ကျောက်တည်တာတို့ကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ငှက်ပျောခွံကို သွားရဲ့ အတွင်းပိုင်းတွေအထိပါ ၅ မိနစ်ကနေ ၇ မိနစ်ထိ တိုက်ပေးရမှာဖြစ်ပြီး နှုတ်ခမ်းကိုပါ ပွတ်တိုက်ပေးမယ်ဆိုရင် နှုတ်ခမ်းညိုမဲခြင်းကိုပါ သက်သာစေမှာ ဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်

လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ် ဒါမှမဟုတ် သူ့ထဲမှာပါတဲ့ ဂျယ်လီကို သုံးပြီး သွားတွေကို နေရာလပ်မကျန် ပွတ်တိုက်ပေးပြီး ၅ မိနစ်လောက်ထားပြီးမှ ပလုပ်ကျင်းပေးမယ်ဆိုရင် ဖြူဖွေးတဲ့သွားတွေနဲ့ တောက်ပတဲ့ အပြုံးတွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

Credit : Thutasone